အမေရိကန်နှင့် အစ္စရေးတို့ရဲ့ ဆက်လက်တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က အရှေ့အလယ်ပိုင်းတစ်လွှားမှာ တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတာကြောင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေ ပိုမို မြင့်တက်လာခဲ့တယ်လို့ BBCမှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့တဲ့ ကုမ္ပဏီတွေထဲမှ တစ်ခုဖြစ်တဲ့ QatarEnergyဟာ ၎င်းတို့ရဲ့ စက်ရုံတွေအပေါ် “စစ်ရေးတိုက်ခိုက်မှုတွေ” ရှိလာတာကြောင့် ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။
ဒါ့ကြောင့် မေလ၂ရက်နေ့မှာ သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေဟာ ၅၀% (ထက်၀က်)နီးပါး မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
ဟော်မုဇ်ရေလက်ကြားအနီးမှာ အနည်းဆုံး သင်္ဘော ၃စင်း တိုက်ခိုက်ခံရပြီးနောက် ကမ္ဘာ့စံနှုန်းဖြစ်တဲ့ Brent ရေနံစိမ်းဈေးနှုန်း ၁၀% မြင့်တက်လာကာ တစ်စည်ကို ၈၂ ဒေါ်လာကျော်အထိ ရောက်ရှိလာခဲ့ပါတယ်။
ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရဲ့ ၂၀% ခန့်ကို တင်ပို့တဲ့ နိုင်ငံတောင်ပိုင်းရှိ အရေးပါတဲ့ ရေလမ်းကြောင်းကို ဖြတ်သန်းတာမျိုးမလုပ်ဖို့ အီရန်က သင်္ဘောတွေကို သတိပေးခဲ့ပါတယ်။
အမေရိကန်မှာ ရှယ်ယာဈေးကွက်အညွှန်းကိန်းတွေ နိမ့်ကျပြီး Dow Jones စက်မှုပျမ်းမျှ ၁% နီးပါးကျဆင်းခဲ့ပြီး Nasdaq အညွှန်းကိန်းနဲ့ S&P 500 လည်း အနီရောင်အဆင့်နဲ့ ရောင်းဝယ်ဖောက်ကားလာခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းလေပိုင်နက်ကို အနှောင့်အယှက်ဖြစ်စေပြီးနောက် လန်ဒန်မှာ FTSE 100 ရှယ်ယာအညွှန်းကိန်းဟာ ၁% ကျဆင်းခဲ့ပြီး British Airways ရဲ့ပိုင်ရှင်ဟာ အကြီးမားဆုံးကျဆင်းမှုထဲမှာ ပါဝင်ခဲ့ပါတယ်။
Barclays၊ Standard Chartered နဲ့ HSBC လိုဘဏ်တွေဟာလည်း စွမ်းအင်ဈေးနှုန်းတွေ စဉ်ဆက်မပြတ်မြင့်တက်နေတာကြောင့် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်တဲ့အန္တရာယ်ရှိတယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ရှယ်ယာဈေးနှုန်းတွေ ကျဆင်းသွားတာကို မြင်တွေ့ခဲ့ရပါတယ်။
အဲဒီအခြေအနေမှာ ဗဟိုဘဏ်တွေက အတိုးနှုန်းလျှော့ချမှုတွေ နည်းပါးသွားနိုင်ပါတယ်။
ဥရောပက ဦးဆောင်ရှယ်ယာဈေးကွက်တွေဟာ ပိုမိုကြီးမားတဲ့ကျဆင်းမှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။
ပြင်သစ်မှာတော့ CAC-40 ဟာ ၁.၈% ကျဆင်းခဲ့ပြီး ဂျာမနီရဲ့ Dax ဟာ အစောပိုင်းနေ့လယ်ခင်းကုန်သွယ်မှုမှာ ၂.၁% ကျဆင်းခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ မသေချာမရေရာမှုတွေအတွင်း ဘေးကင်းလုံခြုံတဲ့ပိုင်ဆိုင်မှုတစ်ခုအဖြစ် ရှုမြင်ခံရတဲ့ ရွှေဈေးနှုန်းဟာ အောင်စတစ်အောင်စကို ၂% မြင့်တက်ပြီး ၅၃၈၈ ဒေါ်လာအထိ ရောက်ရှိခဲ့ပါတယ်။
Ras Laffan စက်မှုမြို့တော်ရှိ နိုင်ငံတော်ပိုင် Qatar Energy က စက်ရုံတစ်ခုကို အီရန်မှ လွှတ်တင်လိုက်တဲ့ ဒရုန်းတစ်စင်းက ပစ်မှတ်ထားခဲ့တယ်လို့ ကာတာနိုင်ငံရြ့ ကာကွယ်ရေးဝန်ကြီးဌာန (MoD) က ပြောကြားပြီးနောက် အရည်ပျော်သဘာဝဓာတ်ငွေ့ (LNG) ထုတ်လုပ်မှုကို ရပ်ဆိုင်းထားကြောင်း ပြောကြားခဲ့ပါတယ်။
ကာတာနိုင်ငံရဲ့ ဝန်ကြီးဌာနကလည်း မြို့တော်ဒိုဟာရဲ့ တောင်ဘက်ရှိ Mesaieed ရှိ ဓာတ်အားပေးစက်ရုံပိုင် ရေကန်တစ်ခုကို ဒရုန်းတစ်စင်းက လိုက်လံရှာဖွေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပင် အိမ်နီးချင်း ဆော်ဒီအာရေဗျနိုင်ငံမှာလည်း အဓိက ရေနံချက်စက်ရုံကို ဒရုန်းတစ်စင်းက တိုက်ခိုက်ခဲ့တာကြောင့် ယာယီပိတ်ထားခဲ့ရပါတယ်။
Hormuz ရေလက်ကြားဝင်ပေါက်မှာ နိုင်ငံတကာ သင်္ဘောလုပ်ငန်းတွေ ရပ်တန့်လုနီးပါးဖြစ်နေပြီး ပဋိပက္ခကြာလာတာနဲ့အမျှ စွမ်းအင်ဈေးနှုန်းတွေ ပိုမိုမြင့်တက်စေနိုင်ကြောင်း လေ့လာသုံးသပ်သူတွေက သတိပေးထားပါတယ်။
UK Maritime Trade Operations Centre (UKMTO) က သင်္ဘောနှစ်စင်း ထိမှန်ခဲ့ပြီး တတိယတစ်စင်းနဲ့ဘအလွန်နီးကပ်စွာ ဒုံးကျည်တစ်စင်း “ပေါက်ကွဲ” ခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ကနဦးမှာ ရေနံဈေးတွေ မြင့်တက်ပြီးနောက် Brent ရေနံစိမ်းတစ်စည်ကို ၇၉ဒေါ်လာ ကို ပြန်လည်ကျဆင်းခဲ့ပြီး အမေရိကန်ကုန်သွယ်မှု ရေနံစိမ်းမှာ ၇.၆% ခန့် မြင့်တက်ကာ ၇၂.၂၀ ဒေါ်လာနဲ့ ရှိနေပါတယ်။
“ဈေးကွက်က ထိတ်လန့်တုန်လှုပ်နေတာ မဟုတ်ပါဘူး”လို့ MST Marquee မှ စွမ်းအင်သုတေသနဌာန အကြီးအကဲ Saul Kavonic က BBC ကို ပြောကြားခဲ့ပါတယ်။
“အခုအချိန်အထိ ရေနံသယ်ယူပို့ဆောင်ရေးနဲ့ ထုတ်လုပ်မှုအခြေခံအဆောက်အအုံတွေဟာ မည်သည့်ဘက်ကမျှ အဓိကပစ်မှတ်မဟုတ်ကြောင်း ပိုမိုရှင်းလင်းလာပါတယ်”လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
“ဈေးကွက်ဟာ Hormuz ရေလက်ကြားမှတစ်ဆင့် သွားလာမှုတွေကို စောင့်ကြည့်နေမှာဖြစ်ပြီး ရေနံဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာမှာကို မြင်တွေ့ရမှာပါ”လို့ သူက ဆက်ပြောခဲ့ပါတယ်။
Reference – BBC