မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တည်ထောင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် မင်းမော်ကွန်းမပါဝင်တဲ့“နှင်းဆီ” အဖွဲ့မှ ပြဇာတ်ပုံစံ ဖျော်ဖြေပွဲတစ်ခု ပြုလုပ်ဖို့ရှိတယ်လို့ ရုပ်ရှင်အစည်းအရုံးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
လာမဲ့ မတ်လ (၈)ရက်နေ့မှာကျရောက်မဲ့ အဆိုပါနှစ်(၈၀)ပြည့်အထိမ်းအမှတ်မှာ နှင်းဆီအဖွဲ့မှ ဖျော်ဖြေရေးပွဲတစ်ခုပြုလုပ်မည်ဖြစ်ပေမဲ့လည်း အရင်လို အငြိမ့်ပုံစံမဟုတ်ဘဲ ပြဇာတ်ပုံစံဖြင့်ဖျော်ဖြေသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
အဆိုပါဖျော်ဖြေပွဲကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ကဦးဆောင်ကျင်းပတယ်လို့ အမည်ခံထားပေမဲ့လည်း အမှန်တကယ်မှာတော့ နေတိုးအပါ အခြားနှင်းဆီအဖွဲ့ဝင်တွေအကုန်လုံးက ကိုယ့်ဟာကိုယ်သာ ဦးဆောင်စီစဥ်နေခြင်းဖြစ်တယ်လို့ ရုပ်ရှင်အစည်းအရုံးနဲ့ နီးစပ်သူသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။
“မတ် ၈ရက်နေ့ကျရင် နှင်းဆီအဖွဲ့ကဖျော်ဖြေပွဲရှိတယ်၊ အရင်လိုအငြိမ့်တော့မဟုတ်ဘူး၊ ပြဇာတ်
ပုံစံစီစဥ်ထားတာ၊ ဒါကို မောင်မျိုးမင်း(ရင်တွင်းဖြစ်)က စီစဥ်တယ်ဆိုပြီးနာမည်ထွက်နေပေမဲ့ ကျန်တဲ့ အဖွဲ့သားတွေ ကိုယ့်ဟာကိုယ်
အားတက်သရော လုပ်နေကြတာပဲ၊ သိထားသလောက်ဆို ရုပ်ရှင်အစည်းအရုံးကော၊ ပြန်ကြားရေးကပါ ဖိအားပေးလုပ်ခိုင်းတာမဟုတ်ဘူး၊ ကိုယ့်ဟာကိုယ်လုပ်ကြတာ”
အာဏာသိမ်းပြီးနောက်ပိုင်း နှင်းဆီအဖွဲ့ဝင် သရုပ်ဆောင်မင်းမော်ကွန်း ပြည်သူ့ဘက်ရပ်တည်ပြီးတဲ့နောက် နှင်းဆီ အဖွဲ့မှ အငြိမ့်ကပြတာတွေ၊ ဖျော်ဖြေတာတွေကို ရပ်နားထားခဲ့ပြီး အခုပထမဦးဆုံးအကြိမ်ပြန်လည် စတင်လာခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် နှစ်(၈၀)ပြည့်အထိမ်းအမှတ်မှာ နှင်းဆီအဖွဲ့မှ ပြဇာတ်ပုံစံဖြင့် ဦးစွာဖျော်ဖြေရန် စီစဥ်လာခြင်းဟာ ၎င်းတို့အဖွဲ့အပေါ် ပြည်သူတွေလက်ခံနိုင်မလားဆိုတဲ့အနေဖြင့် စမ်းသပ်လိုက်ခြင်းမျိုးဖြစ်နိုင်တယ်လို့လည်း အဆိုပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
“ဒီလို ပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နှင်းဆီအဖွဲ့ ပြန်လာနိုင်မလားဆိုတဲ့ ပထမခြေလှမ်းအနေနဲ့ စမ်းသပ်တဲ့ အနေအထားလို့လည်း မြင်နိုင်ပါတယ်။ အခုချက်ချင်း နှင်းဆီ အငြိမ့်ကို မလုပ်ရဲသေးတဲ့အကြောင်း ကတော့ အဖွဲ့ဝင်တစ်ချို့ မပါဝင်သေးတာ၊ အထူးသဖြင့် မင်းမော်ကွန်း မပါဝင်တာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတော့ ပြဇာတ်နဲ့ စပြီး နောက်ပိုင်းမှ နှင်းဆီ အငြိမ့် ကို ဆက်လုပ်လာနိုင်တယ်ဆိုတဲ့ သဘောမျိုးလည်း ရှိပါတယ်”
ဒါ့အပြင် ဖိအားပေးခံရခြင်းမရှိဘဲ ယခုကဲ့သို့ ပွဲကဖို့ ကြိုးစားခြင်းနဲ့ပတ်သတ်ပြီး နေတိုးအပါ အခြားနှင်းဆီအဖွဲ့ဝင်တွေအပေါ် ဝေဖန်ပြောဆိုမှုတွေရှိနေပြီး နောက်ပိုင်းမှာ မင်းမော်ကွန်းမပါတော့ဘဲ ဆက်လုပ်လာဖို့ရှိနေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်မှီကလည်း စစ်
ကောင်စီကပြုလုပ်တဲ့ ရွေးကောက်ပွဲဝါဒဖြန့်ချီရေး ဇာတ်ကားထဲ ပါဝင်ခဲ့ပြီး တော်လှန်ရေးအပေါ် ပုတ်ခတ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာကြောင့် နှင်းဆီအဖွဲ့ဝင် နေတိုးအပါ အခြားသရုပ်ဆောင်များစွာကို ပြည်သူတွေဘက်မှ ပြင်းပြင်းထန်ထန် ပြောဆိုဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။