Saturday, March 21, 2026
Home » SRA အဖွဲ့ဝင် NLA ရဲဘော်တချို့ ဖမ်းဆီးခံရမှု MOD စစ်ရုံးချုပ်နဲ့ ညှိနှိုင်းနေ

SRA အဖွဲ့ဝင် NLA ရဲဘော်တချို့ ဖမ်းဆီးခံရမှု MOD စစ်ရုံးချုပ်နဲ့ ညှိနှိုင်းနေ

0 19
19

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ရဲ့ အဖွဲ့ဝင် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ခေါင်းဆောင် ကိုဇီးကွက် အပါအဝင် ရဲဘော်အချို့ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး SRA နဲ့ NUG တို့ကြား တိုက်ရိုက်ညှိနှိုင်းဆွေးနွေးနေတယ်လို့ BPLA ခေါင်းဆောင် မောင်ဆောင်းခက ဒီနေ့ အသိပေးထားပါတယ်။

မနေ့က မတ် ၆ ရက်၊ မနက်ပိုင်းမှာ NLA မှ အရာရှိတစ်ဦးအပါအဝင် ရဲဘော် ၅ ဦးကို အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုအောက် PDF တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ SRA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းမီဒီယာမှတဆင့် အသိပေးထုတ်ပြန်ခဲ့ပါတယ်။

NLA တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကိုဇီးကွက်နဲ့ ရဲဘော်တချို့ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံထားရမှုနဲ့ ပတ်သက်ပြီး SRA အနေနဲ့ NUG ရဲ့ MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ဆွေးနွေးနေကြောင်း SRA အဖွဲ့ဝင် BPLA အဖွဲ့ခေါင်းဆောင် မောင်ဆောင်းခက သူရဲ့ Facebook စာမျက်နှာမှာ ရေးသားထားတာပါ။

“SRA အနေနဲ့ကတော့ MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိုင်းဆွေးနွေးနေပါတယ်၊ သူတို့ဘက်က အကောင်းဆုံးဖြေရှင်းပေးပါ့မယ်လို့ ပြောထားတဲ့အတွက် စောင့်နေဆဲဖြစ်ပါတယ်၊ ဖြေရှင်းလိုတဲ့ဆန္ဒကိုယ်စီရှိရင် ပြဿနာတွေက ပြေလည်နိုင်ပါတယ်”လို့ BPLA ခေါင်းဆောင် မောင်ဆောင်းခက ဆိုထားပါတယ်။

အခုဖြစ်စဉ်ဟာ SRA နဲ့ NUG ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်းမှာ ပေါ်ပေါက်လာတာဖြစ်ပေမဲ့ SRA အနေနဲ့ ယခင်ကတည်းက တော်လှန်ရေးအဖွဲ့အစည်းတွေကြား ပဋိပက္ခတွေကို အပြုသဘောဆောင် ဖြေရှင်းပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့ကြောင်း သိရပါတယ်။

ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA အဖွဲ့ကို NUG လက်အောက်ခံတပ်တွေ ဝင်ရောက်တိုက်ခိုက်စဉ်က လက်နက်နဲ့ မဖြေရှင်းဖို့ SRA အဖွဲ့က NUG ရဲ့ MOD ထံ တရားဝင်စာပေးပို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် SRA ဦးဆောင်ကော်မတီဝင်တွေဟာလည်း ဗိုလ်နဂါးနဲ့ ညတွင်းချင်း တွေ့ဆုံပြီး ပြဿနာတွေကို ဆွေးနွေးအဖြေရှာခဲ့ကြတယ်လို့ BPLA ခေါင်းဆောင် မောင်ဆောင်းခက အသိပေးပါတယ်။

BNRA နယ်မြေအတွင်း ပိတ်မိနေတဲ့ SRA အဖွဲ့ဝင် GZA အဖွဲ့မှ ရဲဘော်တချို့ကို ဘေးကင်းစွာ ဆွဲထုတ်နိုင်ဖို့ ညှိနှိုင်းပေးခဲ့တဲ့အပြင် ရှမ်းမြောက်ဘက်မှာ ပိတ်မိနေတဲ့ GZA ရဲဘော်တွေကိုလည်း ညှိနှိုင်းပြီး လမ်းကြောင်းတွေရအောင် စီစဉ်ပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“ကျနော်တို့လည်း SRA ဖွဲ့စည်းပြီးကတည်းက အဖွဲ့ပေါင်းစုံရဲ့ပြဿနာကို တော်လှန်ရေးအကျိုးမျှော်ကိုးပြီး အကောင်းဆုံးဖြေရှင်းပေးနေပါတယ်”လို့ BPLA ခေါင်းဆောင် မောင်ဆောင်းခက အသိပေးထားပါတယ်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ဟာ ချင်း၊ ကရင်နီအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ စုစည်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post