ရခိုင်မှာ အာရက္ခတပ်တော် AA က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအကျဥ်းစခန်းတွေကို စစ်ကောင်စီတပ်က ဗုံးကြဲသတ်ဖြတ်မှုဖြစ်စဥ် ၅ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေ စုစုပေါင်း သေဆုံးသူဦးရေ ၂၄၂ ဦးအထိ ရှိလာနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကနေ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့အထိ တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ဟာ AA ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအကျဥ်းစခန်းတွေကို ဗုံးကြဲချပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဥ် ၅ ကြိမ်အထိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဗုံးကြဲချသတ်ဖြတ်မှု ပြုလုပ်ခဲ့တဲ့ မြို့နယ်တွေမှာ ပေါက်တော၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်နဲ့ အမ်းမြို့နယ်မှ အကျဥ်းစခန်းတွေကို ဗုံးကြဲချ သတ်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးခဲ့ပြီး (၃၂) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီတပ်ဟာ ဗုံးမကြဲချမီ တစ်ပတ်၊ နှစ်ပတ်အလိုအချိန်က လေယာဥ်တွေနဲ့ ၇ ကြိမ်၊ ၈ ကြိမ်ခန့် ကြိုတင် ကင်းထောက်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို ဂျက်ဖိုက်တာ ၄ စီး၊ Y-12 ၄ စီးတို့နဲ့ သုံးနာရီခွဲခန့် ကြာမြင့်တဲ့အချိန်အထိ လေကြောင်းကနေ မရပ်မနား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါးလက်ချောင်းဒေသရှိ စစ်ကောင်စီတပ်ရဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းကို ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်ဟာ ရခိုင်ပြည်အတွင်းမှာ စစ်သုံ့ပန်း (စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) အသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိကြီးများစွာလည်း ပွဲချင်းပြီးသေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။
“အကျဥ်းစခန်းမှာက အဝင်အထွက်တွေ များတယ်၊ လေကြောင်းကလည်း ကင်းထောက်ထားတယ်ဆိုတော့ အကျဥ်းစခန်းဆိုတာကို သိသိလျက်နဲ့ ဗုံးကြဲချလိုက်တဲ့သဘောဖြစ်ပါတယ်၊ အခုဗုံးကြဲချတိုက်ခိုက်တာဟာ ရက်စက်တဲ့သဘောပါ၊ ဒါတွေကိုတော့ မလုပ်သင့်ဘူး” လို့ အမ်းမြို့နယ် နပခတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းက One National News သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။
အလားတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်၊ ည ၇ နာရီကျော်အချိန်ခန့်မှာလည်း ပုဏ္ဏားကျွန်း – ကျောက်တော်မြို့နယ်အစပ်ရှိ ချောင်းတူကျေးရွာအနောက်ဘက်က စစ်သုံ့ပန်းတွေထားရှိတဲ့ အကျဥ်းစခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သုံ့ပန်းတွေနဲ့ မိသားစုဝင် စုစုပေါင်း လူ ၂၁ ဦး သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က မြောက်ဦးမြို့နယ်၊ ရမ်းချောင်းထဲက စစ်သုံ့ပန်းမိသားစုဝင်တွေထားရှိတဲ့ အကျဥ်းစခန်းကို ဗုံးကြဲချသတ်ဖြတ်မှုကြောင့် ကလေးငယ်အပါအဝင် အမျိုးသမီး ၂၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၈ ဦးထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်မှာ မောင်တောမြို့နယ်၊ (၄) မိုင်ကျေးရွာ (နခခ -၂) က စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားတဲ့ အကျဥ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲသတ်ဖြတ်မှုမှာလည်း စစ်သုံ့ပန်းအကျဉ်းသား သေဆုံးသူ ၆၀ ဦးအထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာအနီးရှိ စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားတဲ့ အကျဥ်းစခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းအကျဉ်းသား သေဆုံးသူ ၁၇ ဦး ရှိခဲ့တဲ့အပြင် ဒဏ်ရာရသူ ၁၀ ဦးအထိ ရှိခဲ့ပါတယ်။
ရခိုင်ဒေသအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နယ်မြေဒေသများစွာကို ဆုံးရှုံးခဲ့ရပြီးနောက် စစ်မြေပြင်မှာ စစ်သားအချင်းချင်း တိုက်ခိုက်ရမယ့်အစား လေကြောင်းကို အဓိကအသုံးပြုကာ အရပ်ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေသလို ၎င်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ စစ်သုံ့ပန်းတွေကိုပါ အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်မှုတွေ ပိုမိုပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။