Tuesday, March 17, 2026
Home » အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းအကျဥ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၁၆ ဦးသေဆုံး

အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းအကျဥ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၁၆ ဦးသေဆုံး

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဥ်းစခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးပြီး (၃၂) ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အာရက္ခတပ်တော် AA က ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့၊ မနက် (၁၁) နာရီ (၂) မိနစ်မှ မွန်းလွဲ (၂) နာရီ (၂၈) မိနစ်အချိန်အထိ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာ (၄) စီး၊ Y-12 (၄) စီးတို့နဲ့ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို သုံးနာရီခွဲခန့်ကြာအောင် လေကြောင်းကနေ မရပ်မနား ဗုံးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် လက်တလော စာရင်းအရ စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးခဲ့ပြီး (၃၂) ဦး ဒဏ်ရာရရှိခဲ့ကာ ပြစ်ဒဏ်ကျခံနေတဲ့ အရပ်သားပြည်သူတစ်ချို့လည်း သေဆုံးဒဏ်ရာရရှိမှုတွေရှိတယ်လို့ AA က ဆိုထားပါတယ်။

ဒါ့အပြင် ပြင်းထန်စွာ ဒဏ်ရာရရှိသူ၊ အလတ်စားဒဏ်ရာရရှိသူ၊ အသေးစားဒဏ်ရာရရှိသူတွေလည်း မြောက်များစွာရှိနေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချတိုက်ခိုက်မှု ဖြစ်စဥ်ဟာ ရခိုင်ပြည်အတွင်း စစ်သုံ့ပန်း (စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) အသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိကြီးများစွာလည်း ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ AA က ဆိုထားပါတယ်။

သေဆုံးသွားတဲ့ စစ်သုံ့ပန်းအလောင်းတစ်ချို့မှာ ဘယ်သူဘယ်ဝါမှန်း စစ်ဆေးဖို့ခက်ခဲတာ၊ ခန္ဓာကိုယ်အစတွေ ရစရာမရှိအောင် ပျောက်ဆုံးသွားတဲ့ အလောင်းတွေလည်း များစွာရှိနေသေးတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့၊ ည ၇ နာရီကျော်ခန့်ကလည်း ပုဏ္ဏားကျွန်း – ကျောက်တော်မြို့နယ်အစပ်ရှိ ချောင်းတူကျေးရွာအနောက်ဘက်က စစ်သုံ့ပန်းစခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင် စုစုပေါင်း လူ ၂၁ ဦးသေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

Leave a Comment

Latest Post

Latest Post