အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့မှာ ရခိုင်ကုန်သည်တစ်ဦး မေ့ကျန်ခဲ့တဲ့ ရူပီး ၁၅ သိန်းကျော်ကို ပြန်လည်အပ်နှံခဲ့တဲ့ သုံးဘီးမောင်းနှင်သူကို ပြည်နယ်ဝန်ကြီးချုပ်က ငွေသားဆုနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဒီနေ့ မတ်လ ၁၃ ရက်နေ့၊ မီဇိုရမ်ပြည်နယ်မြို့တော် အိုင်ဇောလ်မှာ ကျင်းပတဲ့ မီဇိုရမ်လူမျိုးတို့ရဲ့ အစဉ်အလာအကြီးမားဆုံးဖြစ်တဲ့ Chapchar Kut ပွဲတော်မှာ ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ပြီး ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။
ဂုဏ်ပြုခံရသူမှာ လောင်တလိုင်ခရိုင်၊ အမှတ် (၃) ရပ်ကွက်မှာ နေထိုင်တဲ့ Pu Henry Lalhmingmuana ဆိုသူဖြစ်ပြီး ရူပီး ၁ သိန်း နဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကို ချီးမြှင်ခံတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က ရခိုင်ကုန်သည်တစ်ဦးဟာ လောင်တလိုင်မြို့အတွင်း Pu Henry ရဲ့ သုံးဘီးကို ငှားရမ်းစီးနင်းခဲ့စဉ် ရူပီး ၁၅ သိန်းကျော် (မြန်မာငွေ သိန်း ၇၀၀ ခန့်) ကို ထည့်ထားတဲ့ အိတ်အမဲတစ်လုံး မေ့ကျန်ခဲ့တာပါ။
ရခိုင်ကုန်သည်ဖြစ်သူမှာ ငွေပျောက်ဆုံး၍ စိတ်ပူပန်နေစဉ်အတွင်း သုံးဘီးသမား Pu Henry က ရခိုင်ကုန်သည်နောက်သို့ လိုက်လံရှာဖွေပြီး ၎င်းငွေသား အားလုံးကို တစ်ပြားမကျန် ပိုင်ရှင်ထံကို ပြန်လည်အပ်နှံခဲ့တာဖြစ်ပါတယ်။
အဆိုပါ လုပ်ရပ်ဟာ မီဇိုရမ်ပြည်နယ်အတွင်း ပြည်သူ လူထုရဲ့ ချီးကျူးမှုကို များစွာရရှိခဲ့ပြီး လူသားချင်းစာနာမှုနဲ့ ရိုးသားမှုကို ပြသရာရောက်တာကြောင့် ပြည်နယ်အဆင့်ထိ အခုလို ဂုဏ်ပြုခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။