စစ်ကောင်စီ စစ်သား ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ၊ ၂ ဦး အရှင်ဖမ်းမိ
သတင်း ဦးထွန်း
မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ စလင်းမြို့နယ်အတွင်းက ပုသိမ်-မုံရွာ ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၅ ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၅ခုနှစ်၊ ဇွန်လ ၁၄ရက်နေ့က စလင်းမြို့နယ်၊ ကံပြားရွာဘက်မှ ပုသိမ်-မုံရွာကားလမ်းအတိုင်း တင့်ကားလေးစီး၊ အင်အား၂၀၀ကျော်နဲ့လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်၅လုံးထိပြီး တပ်ကြပ်အပါအဝင် စစ်ကောင်စီတပ်သား ၃ဦးနေရာတင်
ပွဲချင်းပြီးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဇွန်လ၁၄ရက်နဲ့ ၁၅ရက်တွေမှာလည်း ဆက်လက်ပြီး ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် အဆိုပါစစ်ကြောင်းအတွင်းရှိ တင့်ကားများဟာ ရှေ့ဆက်မတိုးနိုင်ဘဲ ကံပြားရွာဘက်သို့ဆုတ်ခွါခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဇွန်လ၁၆ရက်နေ့မှာတော့ တောလမ်းအတိုင်း ခြေလျင်စစ်ကြောင်းမှ ထပ်မံစစ်ကြောင်းထိုးလာပြီး ခင်ပလူရွာကိုရောက်စဥ် တော်လှန်ရေးအဖွဲ့တွေရဲ့ပိတ်ဆို့မှုကြောင့်ပြန်လည်ဆုတ်ခွါကာ ဇွန်လ၁၇ရက်နေ့မှာတော့ ပိတ်ဆည်းရွာကို ဝင်ရောက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နာရီဝက်ကြာတိုက်ပွဲဖြစ်ပွါးပြီး ကျေးရွာရျိနေအိမ်များကို မီးရှို့ဖျတ်ဆီးသွားတယ်လို့သိရပါတယ်။
၅ ရက်ကြာ အဆိုပါတိုက်ခိုက်မှုကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့်အတူ မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း၊ အမှတ်(၅)တပ်ရင်း Droneတပ်ဖွဲ့၊ စလင်းမြို့နယ် (ပကဖ)၊ မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း၊ မင်းဘူးခရိုင် (ပကဖ)၊ဒေါင်းစစ်အောင် LPDF၊SLN LPDF၊ ဗမာ့တပ်တော်၊ ပေါက်တောင်ပိုင်း ဆေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စကစဘက်မှ သုံ့ပန်း၂ဦးကိုလည်း အရှင်ဖမ်းမိနိုင်ခဲ့တယ်လို့ ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။