Sunday, December 21, 2025
Home » မင်းကွန်းဒေသ ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

မင်းကွန်းဒေသ ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

0 31
31

🟥 စစ်သုံ့ပန်း ၄ ဦး၊ အလောင်း ၄ လောင်းနဲ့ သေနတ် ၆ လက်သိမ်းဆည်းရရှိ

စစ်ကိုင်းမြို့နယ်၊ မင်းကွန်း‌ဒေသ၊ ဘုန်းကြီးကျောင်းမှာ အင်အား ၃၀ ခန့် တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကုန်းကို တော်လှန်‌ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး သေနတ် ၆ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

မင်းကွန်းတောင်ရွာရှိ နဂါးပတ်တောင်ကျောင်းတိုက်မှာ အင်အား ၃၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကုန်းကို ဇွန်လ ၂၇ ရက်နေ့မှာ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၄ ဦးအရှင်မိပြီး စစ်ကောင်စီ အလောင်း ၄ လောင်းနဲ့ G3 ၄ လက်၊ MA1 ၂ လက်၊ ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။

“နဂါးပတ်တောင်စခန်းကုန်းကို ၂၇ ရက်နေ့၊ နေ့ခင်း ၂ နာရီလောက်က တိုက်တယ်၊ အရှင်လေးကောင်၊ အသေလေးကောင်ပါ၊ စစ်ကောင်စီတပ်က မင်းကွန်းတောင်ရွာ တရွာလုံးနီးပါးကို မီးရှို့သွားပါတယ်” လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက BBM ကို ပြောပါတယ်။

စခန်းကုန်း တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ကျန်တဲ့ စကစတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်းနဲ့ မင်းကွန်းရဲစခန်းမှ စစ်ကူအများအပြား ထွက်ခွာလာတာကြောင့်အပြင် စခန်းကုန်းမှာလည်း ဘုန်းကြီးကျောင်းဖြစ်နေတာကြောင့် မီးရှို့ရှင်းလင်းမှု မလုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဇွန်လ ၂၈ ရက်နေ့မှာလည်း ချောင်းမကြီးနဲ့ ကင်းကျေးရွာမှ စစ်ကြောင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားကြောင်းနဲ့ အလောင်း၊ လက်နက်တွေရသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာလည်း ထိခိုက်ကျဆုံးမှုရှိတယ်လို့ ထုတ်ပြန်ထားတာနဲ့ပက်သက်ပြီး အခြေအနေကို BBM ကမေးမြန်ရာမှာ ဖြေကြားနိုင်ခြင်းမရှိသေးကြောင်း အဆိုပါတပ်ဖွဲ့က ပြန်ကြားပါတယ်။

အဆိုပါစစ်ဆင်ရေးကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ နဲ့ No More Dictatorship (NMD) တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော် တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post