ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အောင်စုကျေးရွာမှာ လူငယ်တွေကို စစ်ကောင်စီအတွက် စစ်မှူထမ်းဖို့ ခြိမ်းခြောက်ငွေတောင်းနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးစတဲ့ အဖွဲ့ဝင်တစ်ချို့ကို အာရက္ခတပ်တော် (AA)နဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့က ဖမ်းဆီးမေးမြန်းနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
အောင်စုရွာက ကျေးရွာအုပ်ချုပ်ရေးနဲ့ အဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်းမှာ လူငယ်တွေကို စစ်ကောင်စီထံစစ်မှုထမ်းကြရန် လှုံ့ဆော်မှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့အတူ ကျေးရွာအတွင်း ငွေကြေးတွေကိုလည်း လိမ်လည်သူတွေ ဖြစ်တယ်လို့လည်း အောင်စုကျေးရွာအနီးက ဒေသခံတစ်ဦးက ဆိုပါတယ်။
ဇွန်လကုန်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးနဲ့ အဖွဲ့ဝင်တွေကို AA နဲ့ PDF တို့က စစ်ဆေးမေးမြန်း စရာရှိတယ်လို့ဆိုကာ ကျေးရွာထဲရှိနေအိမ်ကိုဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ အဲဒီကျေးရွာအနီးက ဒေသခံတစ်ဦးက ဆိုပါတယ်။
“စစ်ကောင်စီကို သတင်းပေးပို့တာကြောင့် အောင်စုရွာက အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးသွားတာပါ။ ဖမ်းဆီးတုန်းကဆိုရင် အတော်လေးဆူညံသွားကြတယ် အနီးအနားက ကျေးရွာတွေကလူတွေပေါ့။ ကျနော်တို့လည်း အရမ်းကိုလန့်သွားတယ်။ ဒီဖက်မှာက တိုက်ပွဲသံတွေ ဟိုနားကကြား၊ ဒီနားကကြား အမြဲလိုလိုကြားနေရတယ်”
လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။ အောင်စုကျေးရွာမှာ အိမ်ထောင်စု ၃၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ခန့်ရှိတဲ့ကျေးရွာလည်းဖြစ်ပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ဟာ ပုသိမ် – မုံရွာလမ်းတစ်လျှောက်မှာ စစ်ရေးလှုပ်ရှားမှုတွေရှိနေကြပြီး အဝေးပြေးလမ်းမပေါ်က တစ်ချို့ကျေးရွာအတွင်းမှာလည်း တပ်စွဲနေရာယူမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လပိုင်းကလည်း AA နဲ့ PDF တို့ဟာ လေးမျက်မြို့နယ်က သဲနုကုန်းကျေးရွာ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျေးရွာအုပ်ချုပ်မှုယန္တရားတွေလည်ပတ်ရန် ပြင်ဆင်နေကြတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်းအတွင်းက ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်တို့မှာ တိုက်ပွဲပြင်းထန်နေပြီးတော့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဘက် အဝင်အထွက် လမ်းတွေကို စစ်ကောင်စီက တင်းကြပ်စွာ စစ်ဆေးနေသလို ရန်ကုန်ကိုထွက်ပြေးလျှင်လည်း ကုန်းတစ်တန်၊ ရေတစ်တန်နဲ့ သွားနေရတယ်လို့လည်း သိရပါတယ်။
2 comments
👍👍
AA