ပြည်သူ့စစ်မှုထမ်းတပ်သားတွေဖြစ်ပြီး စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်သွားမည်ဟုဆို
သတင်း – ခက်ဆစ်
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့အနီး စစ်ကောင်စီရဲ့ ခမရ ၅၅၇ တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်းတပ်သား ၂ ဦးက လမ်းကင်းထွက်လာစဉ် လက်နက်တွေနဲ့အတူ ဆက်သွယ်အလင်းဝင်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းတပ်သား ၂ ဦးက ဘန်းလမွတ်ရွာနဲ့ ပနပ်ငယ်ရွာကြား လမ်းကင်းတာဝန်ကျစဉ် ထွက်ပြေးလွတ်မြောက်လာပြီး MA3 ၂ လက်၊ ကျည်ဘောက် ၉ ခု၊ ကျည် ၂၄၀ တောင့်တို့နဲ့အတူ ဆက်သွယ်အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတပ်သား ၂ ဦးဟာ ရန်ကုန်တိုက်ကြီး၊ ဂျိုးဖြူ စစ်သင်တန်းကျောင်းမှာ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၁ နဲ့ အပတ်စဉ် ၉ တက်ရောက်လာသူတွေဖြစ်သလို စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့က ရပ်ရွာထဲမှာ စစ်မှုထမ်းအလှည့်ကျလို့၊ မဲနှိုက်တာပေါက်လို့ ပါသွားတာမဟုတ်ပါဘူး၊ အတင်းအဓမ္မ ဖမ်းဆီး ဆွဲခံရပြီးပါလာကြတာပါ၊ ကျနော်တို့ကတော့ စစ်ကောင်စီကို ပြန်ချမှာပါ” လို့ ပြောဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီ အဓမ္မစုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သားတွေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ကြဖို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးတိုက်တွန်းထားပါတယ်။