Tuesday, December 23, 2025
Home » ဂွ-ငသိုင်းချောင်းလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA),PDFပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေ

ဂွ-ငသိုင်းချောင်းလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA),PDFပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေ

1 86
86

🟥 စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရ

ဧရာ၀တီတိုင်း၊ ရခိုင်နယ်စပ် ဂွ – ငသိုင်းချောင်း ကားလမ်းမပေါ်ရှိ မြောက်စမ်းရွာမှာရှိတဲ့ အမြောက်တပ် (၃၄၄) တပ်အနီးအနားမှာ အာရက္ခတပ်တော် AA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ရဲ့ ပူးပေါင်းထိုးစစ်တွေကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က၂၀ ကျော်သေဆုံးမှုရှိပြီး၊ ၅၀ ကျော်လောက် ထိခိုက်ဒဏ်ရာရရှိမှုတွေရှိတယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က စတင်ကာ အမတ (၃၄၄) တပ်ရင်းအနီးမှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲသံတွေကို ကြားနေရတယ်လို့ အဆိုပါစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

“တိုက်ပွဲက အခုရက်ပိုင်းမှာ ပြန်ပြင်းနေတယ်လို့သိရတယ်။ အမြောက်တပ် အနီးအနားမှာပေါ့။ လက်နက်ကြီးသံတွေကိုတော့ ကြားနေရတယ်။ ကျနော်တော့ သိထားရသလောက် AA က ထိုးစစ်ဆင်လိုက်၊ စစ်ကောင်စီက အင်အားဖြည့်လိုက်၊ ပြန်ပြီးတော့ စစ်ကောင်စီက ထိုးစစ်ဆင်လိုက် အဲလို့ဖြစ်နေကြတယ်လို့ သိရပါတယ်”

လို့ သူကဆက်ပြောပါတယ်။ အမြောက်တပ် (အမတ ၃၄၄) အနီး တိုက်ပွဲ ဖြစ်ပွားမှုသုံးရက်တာကာလအတွင်းမှာ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးကာ ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့လည်း သိရပါတယ်။

အဆိုပါ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများမှာ အာရက္ခတပ်တော် AA နဲ့ ပြည်သူကာကွယ်ရေးတပ် PDF တို့ရဲ့ မျက်မြင်အခြေအနေသာဖြစ်ပြီး စစ်ကောင်စီတပ်ရင်းထဲမှာ ယင်းထက်ပိုများနိုင်တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ခန့်မှန်းကြပါတယ်။

“ထိခိုက်တာကတော့ ၅၀ ကျော်လောက်ရှိမယ်။ သေတာကတော့ ၂၀ ကျော်လောက်တော့ရှိတယ်လို့ကြားရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ PDF အဖွဲ့တွေက ဒရုန်းတွေနဲ့ချတယ်။AA က လက်နက်ကြီးတွေနဲ့ပစ်တော့ အရမ်းအထိနာကြတယ်။ဒီတော်လှန်ရေးအင်အားစုတွေကလည်း အနည်းနဲ့အများ ထိခိုက်ကြတာရှိတယ်” လို့လည်း AA စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

အဲဒီလို စစ်ကောင်စီက အထိနာမှုများပြားနေတာကြောင့် လေကြောင်းက ခုခံကာကွယ်နေသလို၊ အနီးအနားက ကျေးရွာတွေကိုလည်း လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

လက်ရှိတိုက်ပွဲ ပြင်းထန်နေတဲ့ အမြောက်တပ် (အမတ ၃၄၄) တပ်ရင်းကို အာရက္ခတပ်တော် AA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက အကျအဆုံးများကာ ထွက်ပြေးမှုတွေလည်း ရှိခဲ့ပါတယ်။

ဒါကြောင့် အမြောက်တပ် ၃၄၄ က လက်နက်ကြီးတွေနဲ့ စစ်ရေးပစ္စည်းတချို့ကို ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က ကျုံပျော်မြို့ရှိ ခလရ ၃၆ တပ်ရင်းကို ပြောင်းရွှေ့လိုက်ရပါတယ်။

ယင်းအခြေအနေကြောင့် စစ်ကောင်စီဟာ လက်ရှိမှာအမြောက်တပ်မကျဆုံးရေးအတွက် ပြည်သူ့စစ်မှုထမ်းတပ်သားတွေကို အဓိကစစ်အင်အား ထပ်မံဖြည့်တင်းကာ တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း ငသိုင်းချောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီက စစ်သင်တန်းဆင်း ပြည်သူ့စစ်တွေကို အမြောက်တပ်သို့ အင်အားဖြည့်တင်းနေတယ်လို့သိရတယ်။ အသုတ်လိုက်ဖြည့်တင်းနေတာရှိတယ်။ နောက်ပြီး ပုသိမ်- မုံရွာလမ်းနဲ့ ဂွ-ငသိုင်းချောင်း လမ်းတွေမှာလည်း စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ချထားတယ်”

လို့လည်း သူကဆက်ပြောပါတယ်။ အဲဒီလို့စစ်ဆေးရေး ဂိတ်တွေကြောင့် ဒေသခံတွေမှာ အပြင်မထွက်ရဲ့ကြတော့ပဲ ကျေးရွာများအတွင်းပဲ ပိတ်မိနေသူတွေ ရှိနေကြတယ်လို့လည်း သိရပါတယ်။

ပုသိမ် – မုံရွာလမ်းဆုံမှာရှိတဲ့ ရေနံသာစစ်ဆေးရေးဂိတ်မှာလည်း စစ်ကောင်စီက လုံခြုံရေးတိုးမြင့်ကာ အင်အားဖြည့်တင်းမှုတွေကိုလည်း အဆက်မပြတ်လုပ်ဆောင်နေသလို အမြောက်တပ်အတွက် စစ်အင်အားတွေကိုလည်း အဆိုပါစစ်ဆေးရေးဂိတ်က နေတစ်ဆင့် ပို့ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။

(အမတ ၃၄၄) အမြောက်တပ်ရင်းဟာရခိုင်နှင့် ဧရာဝတီနယ်စပ် ပုသိမ် – မုံရွာလမ်းနဲ့ ဂွ – ငသိုင်းချောင်း လမ်းဆုံအနီးရှိ မြောက်စမ်းကျေးရွာမှာ တည်ရှိနေတာဖြစ်ပါတယ်။

မြောက်စမ်းရွာရှိ အမြောက်တပ်ကို အာရက္ခတပ်တော်(AA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ သိမ်းယူနိုင်ပါက ဧရာဝတီတိုင်းအတွင်း စစ်ရေးပိုမိုပြင်းထန်းလာနိုင်သလို ရေကြည်၊ ငသိုင်းချောင်း၊ လေးမျက်နှာ၊ အင်္ဂပူ စတဲ့မြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

1 comment

Anonymous July 2, 2025 - 3:07 pm

👍👍

Reply

Leave a Comment

Latest Post

Latest Post