🟥 နောင်ချိုဒေသခံအများစု စစ်ရှောင်နေရ
နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များနဲ့တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲပြင်းထန်နေပြီး စကစစစ်ကြောင်းများ နောင်ချိုမြို့ပတ်ချာလည် (၃)မိုင်အကွာထိရောက်ရှိလာနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံပြည်သူတွေထံမှ သိရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ကို TNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ၁၀၂၇ ဒုတိယလှိုင်းစစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်မှလည်း ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းမှစတင်ကာ ၎င်းတို့လက်လွှတ်လိုက်ရတဲ့ နောင်ချိုမြို့ကို စစ်ကြောင်း (၃)ကြောင်းထက်မနည်း ဖြန့်ခွဲကာ ပြန်လည်တိုက်ခိုက်လာခဲ့တယ်လို့ သိရပါတယ်။
နောင်ချိုမြို့ကို စစ်ကောင်စီအနေနဲ့ ပြင်ဦးလွင်-နောင်ချိုလမ်းကြောင်းနဲ့ တောင်ခမ်း-နောင်ချိုလမ်းကြောင်းဆိုပြီး ပင်မစစ်ကြောင်း(၂)ကြောင်းခွဲကာ တိုက်ခိုက်နေပြီး တောင်ခမ်း-နောင်ချိုစစ်ကြောင်းအတွင်း ကျောက်တော-နောင်ချိုနဲ့ နောင်ချိုကြီး(တိမ်ပင်လယ်)-နောင်ချိုဆိုပြီး စစ်ကြောင်း(၂)ကြောင်းထပ်မံခွဲကာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
” နောင်ချို-တောင်ခမ်းစစ်ကြောင်းဘက်က ကျောက်တောလမ်းခွဲထိ စကစကရောက်လာပြီ၊နောင်ချိုကြီးဘက်ဆိုရင်လည်း ရွှေသွန်း၊ ဉာဏ်တောရွာကိုကျော်ပြီး ကသည်းမြှောင်၊ နားမုံနဲ့ လုံစံရွာနားတွေထိကပ်လာနေပြီဆိုတော့ မြို့ရဲ့ (၃)မိုင်ပတ်ချာလည်လောက်ကို ရောက်နေပြီလို့ ပြောလို့ရတယ်”
ဟု နောင်ချိုဒေသခံတစ်ဦးမှ BBM ကိုပြောပါတယ်။ ဒါ့အပြင် စကစရဲ့ ပြင်ဦးလွင်-နောင်ချို စစ်ကြောင်းဟာလည်း လေကြောင်းနဲ့ ဒရုန်းကို အများအပြားအသုံးပြုပြီး အုမ္မသီးကျေးရွာကိုသိမ်းပိုက်ကာ ထိုမှတဆင့် မိုးကုတ်လမ်းသွားရာ ဆမ္မဆယ်ကျေးရွာနဲ့ ရပ်စောက်-နောင်ချိုလမ်းကြောင်းရှိ အုမ္မခါး-နောင်ဖာကြော ကို စစ်ကြောင်းတွေထပ်မံဖြန့်ခွဲသွားနေတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းများ နောင်ချိုမြို့နယ်အတွင်းသို့ တဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွါးနေပြီး နောင်ချိုဒေသခံပြည်သူအများစုမှာလည်း စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
“စကစ စစ်ကြောင်းတွေက ဂ ငယ်ပုံစံဝိုင်းပြီး ရင်ဘောင်တန်းတက်လာနေတာမျိုးပေါ့၊ ဒေသခံအများစုကတော့ စစ်ရှောင်ကြပြီ၊ ပြည်သူပိုင်ပစ္စည်းအများစုလည်း ဆုံးရှုံးသွားပြီလို့ပြောရမှာပဲ”
ဟု အဆိုပါ ဒေသခံပြည်သူမှ ဆက်ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ခုနှစ်အစောပိုင်းလတွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမယ်လို့ ကြေငြာပြီးတဲ့နောက်ပိုင်း ၎င်းတို့လက်လွှတ်လိုက်ရတဲ့နောင်ချိုမြို့အပါ ကရင်နီပြည်နယ်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းကဒေသတွေကို စစ်ကြောင်းထိုးပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေတာကိုတွေ့ရပါတယ်။
1 comment
👍