Monday, December 22, 2025
Home » ကလေးမြို့မှာ စစ်ကောင်စီက လူငယ်တွေကို နေ့ရောညပါ ပေါ်တာဆွဲ ဖမ်းဆီးနေတာကြောင့် ဖမ်းဆီးခံရသူအရေအတွက်ကို သိဖို့ခက်ခဲလာ

ကလေးမြို့မှာ စစ်ကောင်စီက လူငယ်တွေကို နေ့ရောညပါ ပေါ်တာဆွဲ ဖမ်းဆီးနေတာကြောင့် ဖမ်းဆီးခံရသူအရေအတွက်ကို သိဖို့ခက်ခဲလာ

0 79
79

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ လူငယ်တွေကို လမ်းမကြီးပေါ်၊ စားသောက်ဆိုင်၊ ရပ်ကွက်ထဲတွေထိ လိုက်လံဖမ်းဆီးနေတာကြောင့် ဖမ်းဆီးခံရတဲ့ လူအရေအတွက်ကိုတောင် သိဖို့ခက်ခဲလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဒီလထဲမှာဆို ကျနော်သိတာ ၂၂ ယောက်အဖမ်းခံရတယ်။ ဒီထက်များမှာတော့သေချာတာပေါ့။ ဘယ်နှယောက်ပြန်လွတ်လဲဆိုတာတော့ သိဖို့မဖြစ်နိုင်သလောက်ပဲ။ လွတ်လာတဲ့သူတွေကလည်း ကြောက်ပြီးမပြောရဲကြဘူး”

လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ စစ်မှုထမ်းဖို့သာမက သူတို့အကျိုးစီးပွားအတွက်ပါ လူငယ်တွေကို ဖမ်းဆီးနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဖမ်းမိပြီးလို့ကတော့ အနည်းဆုံးသိန်းဆယ်ဂဏန်းမကုန်ဘဲနဲ့ ပြန်မလွတ်ဘူး။ သူတို့က ဖမ်းရင်ကို ပိုက်ဆံရတော့တာ။ စစ်မှုထမ်းအတွက် အရေအတွက်ပြည့်ပြီး ကျန်တဲ့လူတွေဆီကနေ ငွေရတာပေါ့”

လို့ ပျူစောထီးကျေးရွာနဲ့ နီးစပ်တဲ့ ကလေးဒသခံ အမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။ ဇွန် ၃၀ ရက်နေ့မှာ ကလေးမြို့အနောက်ပိုင်း၊ စမ်းမြို့ရပ်ကွက်က ဘီယာဆိုင်မှာ ဘီယာထိုင်သောက်နေတဲ့ လူငယ် ၄ ဦးနဲ့ ကြို့သုံးပင်ရပ်ကွက်က လူငယ် ၁ ဦးကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေက အရပ်ဝတ်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” သူတို့က အိမ်စီးကားတွေ၊ အရပ်ဝတ်တွေနဲ့ ရပ်ကွက်တွေထဲ လှည့်ဖမ်းနေတာကြာပြီ။ ရပ်ကွက်လမ်းထောင့်တွေမှာလည်း အရပ်ဝတ်နဲ့ လာရပ်နေတာမျိုးတွေလည်းရှိတယ်”

လို့ ကလေးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကောင်စီစခန်းတွေဖြစ်တဲ့ ကမ်းပါးနီ၊ မှန်တော၊ အောင်သာယာ၊ ကြံသာ ကျေးရွာစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကစ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၁၁ ရက်နေ့မှာ ကလေး – ဂန့်ဂေါ ကားလမ်းပေါ်က ကလေးမြို့နယ်တောင်ပိုင်း အစွန်ဆုံးက ကြံသာကျေးရွာစခန်းကို သိမ်းပိုက်ခဲ့ပါတယ်။

လက်ရှိအချိန် ကလေးမြို့စစ်ကောင်စီတပ်ဟာ ကလေးမြို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲကိုလည်း မေ ၁၈ ရက်နေ့ကစ အင်အားရာဂဏန်းနဲ့စစ်ကြောင်းထိုးခဲ့ပြီး အဆိုပါစစ်ကြောင်းဟာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးတာ၊ အရှင်ဖမ်းမိတာတွေနဲ့ အထိနာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

၂၀၂၅ ခုနှစ်ဆန်းပိုင်းကစ ပြီးတော့ ကလေးမြို့ဝန်းကျင်မှာ စစ်ရေးအရရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ လူအင်အားလိုအပ်ချက်ကြောင့် မြို့ပေါ်ကလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ အများအပြားလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Leave a Comment

Latest Post

Latest Post