🟥တော်လှန်ရေးအင်အားစုတွေဘက်မှ စစ်ရေးနေရာတချို့ကို ခေတ္တလက်လွှတ်ပေးထားရ
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီအနေနဲ့ ပအိုဝ်အမျိုးသားအဖွဲ့ချုပ် (PNO/PNA)တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားတွေကို အမြောက်အများအသုံးချပြီးအတင်းဝင်လုံးတဲ့အပြင် လေကြောင်း၊လက်နက်ကြီးများလည်း အဆမတန်အသုံးပြု တိုက်ခိုက်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ မိုးဗြဲမြို့ရှိအချို့နေရာများကို ခေတ္တလက်လွှတ်ပေးထားရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံမှသိရပါတယ်။
အဆိုပါ မိုးဗြဲမြို့ကို တော်လှန်ရေးအင်အားစုများက ၂၀၂၃ခုနှစ် နိုဝင်ဘာလအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး မိုးဗြဲဆည်ဘေးရှိ ခမရ(၄၂၂) ဒေသအခေါ် ဆည်စောင့်တပ် မှလွဲပြီး ကျန်နေရာအားလုံးကိုစိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ ကလည်း တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့မိုးဗြဲမြို့ကို ၎င်းတို့ရဲ့မဟာမိတ်နယ်မြေကျွမ်းကျင်သူ PNO တပ်ဖွဲ့တွေအပါအဝင် အင်အားအလုံးအရင်းနဲ့၂၀၂၄ခုနှစ် နိုဝင်ဘာလလောက်ကစတင်ထိုးစစ်ဆင်လာပြီး တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လိုသိရပါတယ်။
“ခုက ပြည်သူ့စစ်မှုထမ်းဆင်းတွေကော၊ PNO တွေကော အင်အားလဲတော်တော်များတယ်၊ အတင်းဝင်ဝင်လုံးတာ”
ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီအနေနဲ့ မိုးဗြဲမြို့ပြန်လည်ရရှိရေးအတွက် မြေပြင်စစ်ကြောင်းတွေသာမက လေကြောင်း၊ဒရုန်းနဲ့ လက်နက်ကြီးတွေကိုလည်း အဆမတန်အသုံးပြုတိုက်ခိုက်နေတာကြောင့် မိုးဗြဲမြို့ရှိနေရာတချို့ကို တော်လှန်ရေးအင်အားစုတွေဘက်က ခေတ္တလက်လွှတ်လိုက်ရတယ်လို့လည်း သိရပါတယ်။
” စကစက လက်နက်ကြီးဒရုန်းတွေနဲ့ပစ်တာတွေများတယ်၊ ခု စစ်ရေးနေရာတချို့ကို ပြန်ဆုတ်ပေးထားရတယ်၊ မိုးဗြဲရဲစခန်းအဟောင်းထိလည်း ဒီကောင်တွေထိုးလာနေတယ်”
ဟု အဆိုပါ သတင်းရင်းမြစ်မှဆက်ပြောပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ယခုရက်ပိုင်းအတွင်း မိုးဗြဲမြို့ကနေရာတချို့ကို စွန့်လွှတ်ထားရတာမှန်ပေမဲ့လည်း မြို့တစ်ခုလုံးကို လက်လွှတ်ထားရတာမျိုးတော့မရှိသေးဘူးလို့လည်း BBM မှ ကနဦးစုံစမ်းသိရှိထားရပါတယ်။
မိုးဗြဲမြို့ဟာ ကရင်နီပြည်နယ်မြို့တော်လွိုင်ကော်နဲ့ ကီလိုမီတာအားဖြင့် ၁၃၀ကျော်သာဝေးတဲ့မြို့ဖြစ်တဲ့အပြင် တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့အနီးနားကမြို့တွေကိုလည်း လက်နက်ကြီးဖြင့် ခြိမ်းခြောက်နိုင်တဲ့အနေအထားရှိတာကြောင့် စစ်ကောင်စီအနေနဲ့ အတင်းအကြပ်ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ကလည်း မြို့တစ်ခုလုံးလက်မလွှတ်ရရေးအတွက် ဆက်လက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။