Monday, December 22, 2025
Home » နောင်ချိုတိုက်ပွဲပြင်းထန်လာတာကြောင့် ဒေသခံပြည်သူအကုန်နီးပါး ထပ်မံစစ်ရှောင်နေရ

နောင်ချိုတိုက်ပွဲပြင်းထန်လာတာကြောင့် ဒေသခံပြည်သူအကုန်နီးပါး ထပ်မံစစ်ရှောင်နေရ

0 44
44

🟥တောင်ခမ်းမှ နောင်ချိုကိုလာတဲ့ စကစ စစ်ကြောင်းက စစ်ဘေးမရှောင်တဲ့ပြည်သူအချို့ကို ဖမ်းဆီးသတ်ဖြတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တိုက်ပွဲ တစ်နေ့တစ်ခြားပိုမိုပြင်းထန်လာတာကြောင့် ဒေသခံပြည်သူအကုန်နီးပါး နီးစပ်ရာဒေသတွေကို စစ်ဘေးရှောင်တာတွေပြုလုပ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေအရ သိရပါတယ်။

နောင်ချိုမြို့ဟာ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း TNLAနဲ့မဟာမိတ်တပ်ဖွဲ့တွေ ပထမဦးဆုံးသိမ်းပိုက်ခဲ့တဲ့မြို့ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မြို့ပေါ်ရှိ ခမရ (၁၁၄)၊ ခမရ(၁၁၅)သာမက အနီးအနားရှိ (၆၀၆)ဒုံးတပ်ရင်းကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့၎င်းတို့ လက်လွှတ်လိုက်ရတဲ့နောင်ချိုမြို့အပါ တပ်ရင်းဌာနတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် တောင်ခမ်းအမြောက်တပ်နဲ့ ပြင်ဦးလွင်တပ်နယ်မှ စစ်ကြောင်းများဖြင့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလမှာ စတင်စစ်ကြောင်းထိုးလာတာကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံတွေလည်း စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်ခမ်းအမြောက်တပ်မှ နောင်ချိုကိုဦးတည်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ၎င်းတို့စစ်ကြောင်းလမ်းပေါ်ရှိ ရွှေမုဌောရွာမှ စစ်မရှောင်တဲ့ ဒေသခံပြည်သူအချို့ကို ဖမ်းဆီးသတ်ဖြတ်မှုတွေပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။

“စကစ စစ်ကြောင်း ရွှေမုဌောဘက်ကိုဖြတ်တုန်းက စစ်မရှောင်ဘဲ နေအိမ်အစောင့်ကျန်ခဲ့တဲ့ပြည်သူအချို့ကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိခဲ့တယ်။ခုလဲ ပြည်သူတွေက အဲ့လိုလုပ်မှာကြောက်လို့ အကုန် စစ်ရှောင်ကြပြီ”

ဟု နောင်ချိုဒေသခံတစ်ဦးမှ BBM ကိုပြောပါတယ်။ နောင်ချိုမြို့မှ စစ်ရှောင်အများစုဟာ ကျောက်မဲမြို့အနီးရှိ နောင်ပိန်ကျေးရွာမှာ အဓိကစစ်ရှောင်နေရပြီး စားဝတ်နေရေးခက်ခဲမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် နောင်ချိုမြို့ဟာ စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး တောင်သူဦးရေများတာကြောင့် မိုးရာသီအတွင်း စိုက်ပျိုးရေးမလုပ်နိုင်ဘဲ ယခုကဲ့သို့စစ်ရှောင်နေရခြင်းဟာ ခက်ခဲမှုများစွာရှိတယ်လို့လည်း အဆိုပါဒေသခံမှဆက်ပြောပါတယ်။

“ဒီဘက်က အဓိက စိုက်ပျိုးရေးလုပ်ကြတာ၊ ခုမိုးအဝင်မှာ မစိုက်နိုင်ဘူးဆို လာမဲ့ကာလမှာ နောင်ချိုကအများကြီးအခက်တွေ့တော့မယ်”

စစ်ကောင်စီရဲ့နောင်ချိုမြို့ထိုးစစ်နဲ့ပတ်သတ်ပြီး TNLAအနေနဲ့ကလည်း အစွမ်းကုန်ခုခံကာကွယ်သွားမှာဖြစ်ပြီး စစ်ကောင်စီထံလက်လွှတ်လိုက်ဖို့ အစီအစဥ်မရှိဘူးလို့လည်း သိရပါတယ်။

Leave a Comment

Latest Post

Latest Post