🟥လားရှိုးမြို့တွင်းကိုလည်း စစ်အင်အားအလုံးအရင်းပို့ထားပြီး အရေးကြီးနေရာများမှာနေရာယူထား
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အဝင်၊ ပြည်ထောင်စုလမ်းမကြီးအနီးရှိ ခလရ(၄၁) တပ်ရင်းအတွင်းမှာ စစ်ကောင်စီအနေနဲ့ ဟောင်ဝှစ်ဇာလက်နက်ကြီးများကို ပြန်လည်တပ်ဆင်နေရာချထားတာတွေပြုလုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေအရ သိရပါတယ်။
ကိုးကန့်တပ်ဖွဲ့ (MNDAA)သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို တရုတ်ရဲ့ကြားဝင်စေ့စပ်မှုဖြင့်စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းမှာပြန်လည်ရရှိပြီးနောက် တပ်နေရာချထားတာတွေ၊ စစ်လက်နက်ပစ္စည်းပြန်လည်ဖြည့်တင်းတာတွေပြုလုပ်ခဲ့ပြီး အခုချိန်မှာတော့ ဟောင်ဝှစ်ဇာလက်နက်ကြီးတွေပါ ပြန်လည်တပ်ဆင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါဟောင်ဝှစ်ဇာလက်နက်ကြီးတွေဟာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ရှိ ကျောက်မဲ၊သီပေါမြို့နယ်တွေဘက်ကို ဦးတည်ချိန်ရွယ်တပ်ဆင်ထားတယ်လို့လည်း သိရပါတယ်။
” ခလရ(၄၁)ထဲမှာ ဟောင်ဝှစ်ဇာတွေပြန်ထောင်ထားတာတွေ့ရတယ်၊ ချိန်ထားတာတော့ ကျောက်မဲ၊သီပေါတစ်ကြောကို ချိန်ထားတာပဲ”
ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။ ဒါတင်မက စစ်ကောင်စီအနေနဲ့ ၎င်းတို့စစ်အုပ်ချုပ်ရေးတည်ရှိရာ တန့်ယန်းမြို့မှတဆင့် လားရှိုးကိုလည်း မြေပြင်စစ်အင်အားများစေလွှတ်နေပြီး လားရှိုးအတွင်းရှိခလရ(၄၁)၊ ထောက်ပို့(၆၂၆)တပ်၊ စရဖ တပ်တွေမှာ နေရာချထားပေးနေတယ်လို့လည်း သိရပါတယ်။
MNDAAနဲ့မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း မြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းအတော်များများပျက်စီးခဲ့ရပြီး အခုချိန်ထိပြန်လည်ပြင်ဆင်
နိုင်ခြင်းမရှိသေးဘူးလို့လည်း ဒေသခံသတင်းရင်းမြစ်တွေထံမှသိရပါတယ်။
ဒါ့အပြင် လားရှိုးမြို့ကို စစ်အင်အားဖြည့်တင်းဖို့ရောက်လာတဲ့ စစ်ကောင်စီတပ်သားအများစုဟာ တပ်ရင်း၊တပ်ဖွဲ့တွေရဲ့ဘတ်တံဆိပ်မပါဘဲ မြန်မာနိုင်ငံအလံဘတ်တံဆိပ်သာအဓိကတပ်
ဆင်ထားကြပြီး လားရှိုးရှိ စစ်ရေးအရအရေးပါတဲ့နေရာများမှာလည်း ချက်ချင်းတပ်စွဲနေရာယူထားတာတွေပြုလုပ်နေတယ်လို့ အဆိုပါသတင်းရင်းမြစ်မှဆက်ပြောပါတယ်။
“ခုဝင်လာတဲ့ စကစ အဖွဲ့တွေက တပ်ရင်း၊တပ်ဖွဲ့တွေရဲ့ဘတ်တံဆိပ်မပါဘူး၊ မြန်မာအလံဘတ်ပဲပါကြတာ၊ ဘာအဖွဲ့တွေမှန်းလဲမသိဘူး၊ အကြမ်းဖက်နှိမ်နှင်ရေးအဖွဲ့တွေလားဆိုတော့လဲ မဟုတ်ပြန်ဘူး၊ သူတို့ကရောက်တာနဲ့ အရင်လားရှိုးပြည်သူ့စစ်တွေလုံခြုံရေးယူထားတဲ့ အရေးကြီးနေရာတွေအကုန်ကို နေရာယူတပ်စွဲကြနေတာတော့တွေ့ရတယ်”
လို့ ဒေသခံတစ်ဦးကပြောပါတယ်၊။ စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ၎င်းတို့ဆုံးရှုံးလိုက်ရတဲ့ လားရှိုးအပါအဝင် သိန္နီမြို့သာမက မန္တလေး-မူဆယ် လမ်းပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေအားလုံးကိုတရုတ်အကူအညီဖြင့် MNDAAထံမှ ပြန်လည်တောင်းယူနေတယ်လို့ သိရပြီး ဆွေနွေးညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။