Tuesday, December 23, 2025
Home » မောင်တောမြောက်ပိုင်းမှာ ဝင်ရောက်နေရာယူနေကြတဲ့ ARSA လက်နက်ကိုင်တွေကို အာရက္ခတပ်တော် AA က လိုက်လံရှင်းလင်းနေ

မောင်တောမြောက်ပိုင်းမှာ ဝင်ရောက်နေရာယူနေကြတဲ့ ARSA လက်နက်ကိုင်တွေကို အာရက္ခတပ်တော် AA က လိုက်လံရှင်းလင်းနေ

0 27
27

ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းမှာ ဝင်ရောက်နေရာယူနေကြတဲ့ ARSA လက်နက်ကိုင် အဖွဲ့တွေကို အခုရက်ပိုင်းမှာ အာရက္ခတပ်တော် AA က လိုက်လံရှင်းလင်းနေတယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ ARSA အဖွဲ့ဟာ မောင်တောမြို့မြောက်ပိုင်း ဘင်္ဂလားဒေရ်ှ့နယ်စပ်ဒေသတွေ ဖြစ်တဲ့ မီးတိုက်၊ နံ့သာတောင်၊ ကျီးကန်း စတဲ့ ကျေးရွာအနီးအနားတွေမှာ စခန်းချနေထိုင်မှုတွေရှိလာတာကြောင့် အာရက္ခတပ်တော် AA က လိုက်လံရှင်းမှုတွေရှိတယ်လို့ AA စစ်ရေးသတင်းရင်းတစ်ဦးက ပြောပါတယ်။

“အရင်တုန်းက မေယုတောင်ကြောတစ်လျှောက်မှာ ARSA အဖွဲ့တွေကို လိုက်လံရှင်းလို့ ကင်းစင်သွားပါပြီ။ အခုတော့ မောင်တောနဲ့ ဘင်္ဂလားဒေရှ့်နယ်စပ်အနီးအနားတွေမှာ ARSA အဖွဲ့တွေက ဝင်ရောက်လာတာတွေရှိတော့ AA က နယ်မြေရှင်းလင်းရေးတွေလုပ်တဲ့အခါ တိုက်ပွဲတွေ ဖြစ်ကြတယ်။ARSA အဖွဲ့တွေက ထွက်ပြေးလွတ်မြောက်မှုတွေလည်း ရှိတယ်”

လို့ AA စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ အဆိုပါ ARSA အဖွဲ့တွေ ထွက်ပြေးလွတ်မြောက်မှုတွေရှိနေတာကြောင့် မောင်တောမြို့နယ်က ဒေသခံတွေမှာ သွားရေးလာရေး သတိရှိကြဖို့လိုအပ်တယ်လို့လည်း အဆိုပါစစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ARSA, ARA, RSO မွတ်ဆလင်လက်နက်ကိုင်တွေဟာ မောင်တောမြောက်ပိုင်းရှိ မေယုတောင်တန်းနဲ့ ဝေလာတောင်တန်းတစ်လျှောက်မှာ စစ်ရေးလှုပ်ရှားမှုတွေရှိပြီး ဒေသခံအရပ်သားတွေကို ခြုံခိုပစ်ခတ်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို လုပ်ဆောင်လေ့ရှိတယ်လို့ မောင်တော ဒေသခံတွေက ဆိုပါတယ်။

အဲဒီလို မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တွေက အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေတာကြောင့် ဘင်္ဂလားဒေရှ့်နယ်စပ်နဲ့ ကုန်ရောင်းကုန်ဝယ် လုပ်နေကြတဲ့ ဒေသခံတစ်ချို့မှာ စိုးရိမ်စိတ်တွေနဲ့ ခရီးသွားလာနေကြတယ်လို့လည်း ဆိုပါတယ်။

“ဒီဖက်မှာကတော့ တစ်ရွာနဲ့ တစ်ရွာခရီးသွားမယ်ဆိုရင်လည်း ကြောက်လန့်နေရတယ်။ ဘယ်ကနေပေါ်လာပြီး ပစ်သွားမှာကိုလည်း စိုးရိမ်နေရတယ်။ ဒေသခံတွေကတော့ ပိုပြီးတော့ စိုးရိမ်မှုတွေရှိတာပေါ့။ ကျနော်တို့ကလည်း မောင်တောကနေ ကုန်ပစ္စည်းတွေသွားဝယ်ရင်လည်း လမ်းမှာတစ်ခုခု ဖြစ်မှာကို စိုးရိမ်နေရတယ် ”

လို့ မောင်တောမြို့မှာ ကုန်ရောင်းကုန်ဝယ် လုပ်ကိုင်နေတဲ့ ဘူးသီးတောင် ဒေသခံ တစ်ဦးက ပြောပါတယ်။ အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ARSA တပ်ဖွဲ့ဝင်တွေ တပ်စွဲနေရာယူထားတဲ့ ဝေလာတောင်အနီးတဝိုက်က နေရာတွေကို အာရက္ခတပ်တော် AA က လိုက်လံရှင်းလင်းခဲ့ရာ ARSA တပ်ဖွဲ့ဝင် အကုန်လုံး ထွက်ပြေးလွတ်မြောက် သွားကြတယ်လို့ AA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ARSA, RSO, ARA မွတ်ဆလင် လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေဟာ အာရက္ခတပ်တော် AA တိုက်ခိုက်ဖို့အတွက် တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံက ဒုက္ခသည်စခန်းမှာ လူသစ်စုဆောင်းတာတွေ၊ စစ်သင်တန်းပေးတာတွေရှိနေပြီးတော့ လက်ရှိ ARSA တပ်ဖွဲ့ဝင်အင်အားတွေမှာ ၃,၀၀၀ ခန့်ရှိနေပြီးလို့လည်း ရခိုင်နိုင်ငံရေးသမားတွေက သုံးသပ်နေကြပါတယ်။

Leave a Comment

Latest Post

Latest Post