Monday, December 22, 2025
Home » နောင်ချိုမြို့တွင်းအထိ စကစ စစ်ကြောင်းများဝင်ရောက်လာနေ

နောင်ချိုမြို့တွင်းအထိ စကစ စစ်ကြောင်းများဝင်ရောက်လာနေ

0 25
25

🟥 နောင်ချိုတိုက်ပွဲအတွင်း စကစ မှအင်အားထောင်ချီနဲ့ အဆင့်မြင့်ဒရုန်းတွေအသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ မြေပြင်အင်အား ထောင်ချီအသုံးပြုကာ တိုက်ခိုက်နေပြီး အခုချိန်မှာတော့ နောင်ချိုမြို့အတွင်းသို့ စကစ စစ်ကြောင်းများဝင်ရောက်လာနေပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ၂၀၂၄ခုနှစ် ကတည်းက ၎င်းတို့ လက်လွှတ်ထားရတဲ့နောင်ချိုမြို့ကို တောင်ခမ်းကျေးရွာနဲ့ ပြင်ဦးလွင်မြို့နယ်တို့မှ ပင်မစစ်ကြောင်း(၂)ကြောင်းဖြင့် အဓိကပြန်လည်တိုက်ခိုက်နေပြီး မြေပြင်ဒရုန်းနဲ့လက်နက်ကြီးကိုပါ အလွန်အကျွံအသုံးပြုခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ခုနှစ် ဇူလိုင်လ၁၃ရက်(ယမန်နေ့)ညပိုင်းမှာတော့ တောင်ခမ်းမှတဆင့်နောင်ချိုကိုလာတဲ့ စကစ စစ်ကြောင်းတွေဟာနောင်ချိုမြို့တွင်း အထိ ဝင်ရောက်သွားခဲ့ပြီလို့ သိရပါတယ်။

” စကစ စစ်ကြောင်းတွေ နောင်ချိုမြို့လယ်ကိုကျော်နေပြီဗျ၊ ကျောက်မဲအထွက် အေးရှားဝါးဂိတ်ကိုပါကျော်ပြီးရောက်နေပြီ”

ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။ဒါ့အပြင်ပြင်ဦးလွင်မှလာတဲ့ စစ်ကြောင်းတွေဟာလည်း နောင်ချိုမြို့အဝင်ရှိ ခမရ(၁၁၄)ကိုကျော်ကာ ကျောက်ကြမ်းကျေးရွာတစ်ခုလုံးကိုပင်ရရှိသွားပြီလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ပြင်ဦးလွင်မြို့နယ်မှ လာတဲ့စစ်ကြောင်းနဲ့ တောင်ခမ်းကျေးရွာမှလာတဲ့ ပင်မစစ်ကြောင်း(၂)ခုဟာ နောင်ချိုမြို့မရောက်ခင်မှာပင် စစ်ကြောင်းငယ်များထပ်မံခွဲပြီး ရင်ဘောင်တန်းပုံစံနဲ့ နောင်ချိုမြို့ကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အဆိုပါစစ်ကြောင်းတွေအနေနဲ့ လက်နက်ကြီးနဲ့လေကြောင်းပစ်ကူအလွန်အကျွံသုံးကာ ရှေ့တက်လာတာဖြစ်သလို အဆင့်မြင့်ကင်းထောက်ဒရုန်းတွေကိုလည်း တိုက်ပွဲအတွင်းအသုံးပြုလာတာ သတိထားမိတယ်လို့ သိရပါတယ်။

” စကစ ရဲ့ ကင်းထောက်ဒရုန်းတွေ တော်တော် လေးအဆင့်မြင့်လာတယ်လို့ပြောလို့ရတယ်ဗျ၊ ကင်းထောက်ဒရုန်းဝဲပြီးမကြာဘူး တိုက်ခိုက်ရေးဒရုန်းရော၊လက်နက်ကြီးရော၊ အတွဲလိုက်ကို လာတော့တာဗျာ”

ဟု အဆိုပါစစ်ရေးသတင်းရင်းမြစ်မှဆက်ပြောပါတယ်။ ဒါတင်မက တောင်ခမ်းပင်မစစ်ကြောင်းမှ ခွဲထွက်လာတဲ့ စကစ စစ်ကြောင်းတစ်ခုဟာလည်း နားမုံကျေးရွာမှတဆင့် ဂုတ်ထိပ်ကျေးရွာဘက်ကို ထပ်မံစစ်ကြောင်းခွဲကာ ထိုးစစ်ဆင်လာပြီး ကျောက်မဲနဲ့နောင်ချိုလမ်းပိုင်ကို ပိတ်ဆို့ဖို့အတွက် ဆောင်ရွက်နေတယ်လို့သိရပါတယ်။

နောင်ချိုမြို့ထိုးစစ်ကို စစ်ကောင်စီရဲ့ အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့ မှ ကစထမှူး နိုင်နိုင်ဦးက အဓိက ကွပ်ကဲနေပြီး တပ်မ(၁၁)၊ တပ်မ(၅၅)နဲ့ စကခ(၁၂)မှ စစ်သည်အင်အားအများစုဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ထိုးစစ်ဟာ အုမ္မသီးကျေးရွာကိုသိမ်းပိုက်နိုင်ပြီးတဲ့နောက် မိုးကုတ်လမ်းပိုင်းကိုသွားရာ ဆမ္မဆယ်ကျေးရွာနဲ့နောင်ချိုမြို့တို့ဆီကို စစ်ကြောင်းတွေထပ်မံခွဲပြီး ဝင်ရောက်လာတာဖြစ်တယ်လို့သိရပါတယ်။

Leave a Comment

Latest Post

Latest Post