ဧရာဝတီတိုင်း ဂွ – ငသိုင်းချောင်း ကားလမ်းပိုင်းရှိမြောက်စမ်းကျေးရွာမှာ တည်ရှိတဲ့ အမြောက်တပ် (၃၄၄) တပ်ရင်းက အခုရက်ပိုင်း တိုက်ပွဲတွေငြိမ်နေပေမဲ့လည်း လက်နက်ကြီးတွေ၊ ဟောင်ဝင်ဇာတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ဇူလိုင်လ ၁၁ ရက်နေ့မှာ BBM က စုံစမ်းသိရှိရပါတယ်။
အမြောက်တပ် အနီးအနားက ကျေးရွာတွေနဲ့ အာရက္ခတပ်တော် AA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ရှိမယ်ထင်တဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာဖြစ်တယ်လို့ ဧရာဝတီတိုင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“အမြောက်တပ်ကတော့ နေ့တိုင်းဆိုသလိုလက်နက်ကြီးတွေ၊ ဟောင်ဝင်စာ အမြောက်တွေနဲ့ ပစ်ခတ်နေတာရှိပါတယ်။ အရင်တုန်းကဆိုရင် လေးငါးလုံးလောက်ပဲ ပစ်ခတ်တယ်။ အခုဆိုရင် တစ်ရက်ကို တစ်ဆယ်ကျော်လောက်ပစ်ခတ်နေပါတယ် ”
လို့ အမြောက်တပ်ရင်းအနီးမှာ နေထိုင်နေတဲ့ ဧရာဝတီစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းလောက်က အာရက္ခတပ်တော် AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်PDFတို့ဟာ အမတ (၃၄၄) တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။
လက်ရှိမှာတော့ နှစ်ဖက်စစ်ရေးဟာ ငြိမ်သက်နေပြီး အမြောက်တပ်ရင်းအနီးကို အာရက္ခတပ်တော် AA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ အနှေးနဲ့အမြန်ချဥ်းကပ်လာမှာကို စိုးရိမ်နေတာကြောင့် အခုလို့လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ပစ်ခတ်နေတာဖြစ်တယ်လို့ AA နဲ့ နီးစပ်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“အမြောက်တပ်ကို AA နဲ့ ပူးပေါင်းတပ်တွေက ဝိုင်းထားကြတယ်လို့ ကြားရတယ်။ ဘယ်နေ့ဘယ်အချိန် ကျမလဲတော့မပြောတတ်ဘူး။ ဒါကြောင့် အမြောက်တပ်က တော်လှန်ရေးတပ်တွေ ရှိမယ့်နေရာတွေကို လှမ်းပစ်ပြီး ခြိမ်းခြောက်နေတာပါ။ နေရောညပါ ပစ်ခတ်နေတာပါ ”
လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။ အမြောက်တပ် (၃၄၄) တပ်ရင်းက လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် အမြောက်တပ်ရင်းအနီးမှာ တည်ရှိတဲ့ဒေသခံတွေဟာ အနီးအနားမြို့တွေဖြစ်ကြတဲ့ ငသိုင်းချောင်း၊ ရေကြည်မြို့နဲ့ အခြားနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ကလည်း အမတ (၃၄၄) တပ်ရင်းကို အာရက္ခတပ်တော် AA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးကာ ၅၀ ကျော်မှာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့လည်း သိရပါတယ်။
(အမတ ၃၄၄) အမြောက်တပ်ရင်းဟာ ရခိုင်နှင့် ဧရာဝတီနယ်စပ် ပုသိမ် – မုံရွာလမ်းနဲ့ ဂွ – ငသိုင်းချောင်း လမ်းဆုံအနီးရှိ မြောက်စမ်းကျေးရွာမှာ တည်ရှိနေတာဖြစ်ပါတယ်။