ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အခြေစိုက်တဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်က နတခ တိုင်းမှူးအပါအဝင် စစ်ကောင်စီအရာရှိ ၄ ဦးကို အကျင့်ပျက် ခြစားမှုနဲ့ ဖမ်းဆီးစစ်ဆေးပြီး နှစ်ရှည်ထောင်ဒဏ်နဲ့ သေဒဏ်ချမှတ်လိုက်တယ်လို့ ဧရာဝတီစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်သူတွေမှာ အနောက်တောင်တိုင်းစစ်ဌာနချုပ်က တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်၊ စစ်ဦးစီးမှူး ဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်း၊ ဒုတိယ ဗိုလ်မှူးကြီး မျိုးဇော်အောင်တို့ကို စစ်ကောင်စီရဲ့ စစ်ခုံရုံးကနေ စစ်ဆေးခဲ့ပြီးတော့ ဇူလိုင် ၁၃ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်ခဲ့တာလို့ ဧရာဝတီတိုင်းရှိ ပုသိမ် စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
နတခတိုင်းဦးစီးချုပ် ဗိုလ်မှူချုပ် ကျော်စိုးလွင်ကို ထောင်ဒဏ်(၁၀)နှစ်၊ စစ်ဦးစီးမှူး ဗိုလ်မှူးကြီး အောင်ဆန်းလွင်ကို ထောင်ဒဏ် (၂၀)နှစ်၊ ဗိုလ်မှူးကြီး မျိုးဇော်အောင်ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းနဲ့ ဒုဗိုလ်မှူးကြီး ကျော်စွာထွန်းကို သေဒဏ်ချမှတ်လိုက်တာလည်းဖြစ်ပါတယ်။
“ပုသိမ်-မုံရွာနဲ့ ဂွ-ငသိုင်းချောင်း လမ်းဆုံမှာရှိတဲ့ ရေနံ့သာ စစ်ဆေးရေးဂိတ်မှာ စားသောက်ကုန်တွေနဲ့ ဆေးဝါးတွေကို ရခိုင်ကို တင်သွင်းဖို့အတွက် သိန်းထောင်နဲ့ချီပြီးတော့ ခြစားခဲ့တာကြောင့် စရဖ တွေက ဖမ်းဆီးစစ်ဆေးပြီးတော့ ပြစ်ဒဏ်တွေ ချမှတ်လိုက်တာပါ။ အဲဒီအထဲမှာ တခြားအရာရှိတွေလည်း ပါတယ်လို့သိရတယ်”
လို့ ပုသိမ်မြို့ရှိ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။ ငါးသိုင်းချောင်းမြို့နယ်က ပုသိမ်-မုံရွာ လမ်းမကြီးနဲ့ ဂွ-ငါးသိုင်းချောင်း လမ်းဆုံမှာရှိတဲ့ ရေနံ့သာစစ်ဆေးရေးဂိတ်မှာ စားသောက်ကုန်တွေ၊ စက်သုံးဆီတွေနဲ့ ဆေးဝါးတွေကို ရန်ကုန်ကနေ ရခိုင်ကို တင်ပို့ခွင့်ရရှိဖို့အတွက် သိန်းထောင်ပေါင်းများစွာလာဘ်စားပြီးတော့ သယ်ယူခွင့်ပြုခဲ့တာကြောင့် ၂၀၂၄ ခုနှစ်က စက်တင်ဘာလက ဖမ်းဆီးစစ်ဆေးပြီးတော့ အခုလို အပြစ်ဒဏ်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။
အဲဒီအမှုတွေထဲထဲမှာ အခြားအရာရှိ ၆ ဦးလည်း ပါဝင်ပတ်သက်နေတာဖြစ်ပြီးတော့ သူတို့ကိုလည်း စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ် (စရဖ) က စစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း BBM က စုံစမ်းသိရှိရပါတယ်။
လက်ရှိ အကျင့်ပျက် လာဘ်စားမှုနဲ့ အပြစ်ဒဏ်ချမှတ်လိုက်တဲ့ အရာရှိ ၄ ဦးရဲ့ ပိုင်ဆိုင်မှုအားလုံးကို စစ်ကောင်စီက ချိတ်ပိတ်လိုက်တယ်လို့လည်း သိရပါတယ်။