ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်အတွင်းမှာ စစ်ကာင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ မြို့၊ရွာထဲရှိလူငယ်တွေကို စစ်သင်တန်းတက်ရောက်ဖို့ အတင်းအဓမ္မလူသစ်စုဆောင်းနေတယ်လို့ BBM က စုံစမ်းသိရှိရပါတယ်။
ကျုံပျော်ခရိုင်အတွင်းရှိ ကျုံပျော်၊ ရေကြည်၊ အသုတ်၊ ကျောင်းကုန်း၊ ငသိုင်းချောင်းစတဲ့မြို့နယ်တွေက လူငယ်တွေကို စစ်မှုထမ်းဖို့ လူသစ်စုဆောင်းနေတာလည်း ဖြစ်ပါတယ်။
ရပ်ရွာအတွင်း စစ်မှုထမ်းမတက်ရောက်ဖို့အတွက် လူငယ်တွေမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို တစ်အိမ်ထောင်လျှင် ငွေကြေး ၂ သောင်းကျပ် စီပေးဆောင်ထားကြပေမဲ့လည်း စစ်ကောင်စီတပ်သားတွေက အတင်းအဓမ္မခေါ်ဆောင်သွားတာရှိတယ်လို့ လည်း ဧရာဝတီစစ်ရေးသတင်းရင်းတစ်ဦးက BBM ကိုပြောပါတယ်။
“အုပ်ချုပ်ရေးမှူးတွေက ပထမမှာတော့ စစ်မှူးမထမ်းချင်ရင် တစ်အိမ်ထောင်ကို ပိုက်ဆံ ၂ သောင်းစီကောက်တယ်။ ပိုက်ဆံတွေရသွားတော့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ ကျေးရွာထဲက လူငယ်တွေကိုဘအတင်းခေါ်ဆောင်သွားကြတယ်။ ရွာသားတွေမှာ ပိုက်ဆံလည်းဆုံး၊ သားသမီးတွေလည်းပါသွားကြတယ်”
လို့ အဆိုပါစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်မှုထမ်းဖို့ အတင်းခေါ်ဆောင်ခံရတဲ့ လူငယ်တွေကို စစ်ကောင်စီထံက ငွေကြေးပေးဆောင်ကာ ပြန်ရွေးလို့ရပေမဲ့ ငွေကြေးမတတ်နိုင်တဲ့သူတွေမှာ အခက်တွေ့နေကြရတယ်လို့လည်း သိရပါတယ်။
စစ်မှုထမ်းခေါ်ဆောင်ခံရတဲ့ လူငယ်တစ်ယောက်ကို စစ်ကောင်စီထံက ပြန်ရွေးရတဲ့ ငွေကြေးပမာဏဟာ ၁၀ သိန်းနဲ့ ၁၀ အထက်ရှိနေပြီး တစ်နေရာနဲ့တစ်နေရာမတူညီကြဘူးလို့လည်း နောက်ထပ် ဧရာဝတီစစ်ရေးသတင်းရင်းမြစ်က BBM ကိုပြောပါတယ်။
“စစ်ကောင်စီက လူငယ်တစ်ယောက်ကို ခေါ်ဆောင်သွားပြီဆိုရင် ပိုက်ဆံ ၁၀ သိန်းနဲ့ ရွေးရင်ရသေးတယ်။ ပိုက်ဆံမရှိတဲ့ သူတွေဆိုရင် အဆုံးပေါ့။ ဒီဒေသတွေမှာ အဲလိုပဲ စစ်ကောင်စီနဲ့ သူတို့ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေက စီးပွားဖြစ်လုပ်စားနေကြတာပါ။ အထက်ကအမိန့် နည်းနည်းပေးလိုက်တာနဲ့ အောက်ခြေမှာ အရမ်းကိုဆိုးရွားနေပါတယ် “
လို့ သူက ဆက်ပြောပါတယ်။ စစ်ကောင်စီဟာ လာမဲ့ဇူလိုင်လ ၁၅ ရက်နေ့မှာ စစ်မှုထမ်း အပတ်စဥ် ၁၅ အဖြစ် စစ်သင်တန်းခေါ်ယူမှာဖြစ်ပြီး ဧရာဝတီတိုင်းအတွင်းက အခြားသောနေရာတွေမှာလည်း လူငယ်တွေကို စစ်မှုထမ်းခေါ်ဆောင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
လက်ရှိ စစ်ကောင်စီခေါ်ယူနေတဲ့ စစ်မှုထမ်း သင်တန်းဟာ အမှတ်စဥ် ၁၄ ခုအထိ ပြီးဆုံးသွားပြီးဖြစ်တာကြောင့် စစ်သင်တန်းတက်ရောက်ပြီးတဲ့သူတွေဟာ စစ်ရေးပြင်းထန်နေတဲ့ ရှေ့တန်းစစ်မြေပြင်ဆီကို ပို့ဆောင်ခံတာတွေရှိနေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းအပတ်စဥ် တစ်ခုကို စစ်သင်တန်းသား ၅,၀၀၀ စီ ခေါ်ယူနေတာဖြစ်ပြီး လက်ရှိမှာ စစ်မှုထမ်းသင်တန်းသားဦးရေ ၇၀,၀၀၀ ကျော်ကို စစ်သင်တန်းပေးပြီးပြီလည်း ဖြစ်ပါတယ်။