အမေရိကန်က စစ်ကောင်စီကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမယ့် ဥပဒေကြမ်း ၃ ခုကို အမေရိကန်လွှတ်တော်ရေးရာ ကော်မတီတွေက အမေရိကန်စံတော်ချိန် ဇူလိုင်လ ၂၂ရက်(မြန်မာစံတော်ချိန် ၂၃ရက်နေ့)က အတည် ပြုလိုက်တယ်လို့ သိရပါတယ်။
ဥပဒေကြမ်းရဲ့ ပထမအချက်မှာ စစ်ကောင်စီလက်ထဲကို ဘဏ္ဍာရေးရန်ပုံငွေ မရောက်ရှိရေး ဥပဒေကြမ်း No New Burma Funds Act (H.R.4423) ၊ ဒုတိယအချက်အနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့ ဒဏ်ခတ်အရေးယူမဲ့ BRAVE Burma Act (H.R.3190) ဥပဒေကြမ်း၊ တတိယအချက်အနေနဲ့ မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီကို အရေးယူဒဏ်ခတ်မဲ့ Burma Genocide Accountability and Protection Act (Burma GAP Act- H.R.4140) ဥပဒေကြမ်း တို့ကို အမေရိကန်အောက်လွှတ်တော်ရေးရာ ကော်မတီတွေက အတည်ပြုလိုက်ခြင်းဖြစ်ပါတယ်။
အမေရိကန်အောက်လွှတ်တော် ကော်မတီတွေက မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကြမ်း ၃ ခုကို တစ်ချိန်တည်းမှာ အတည်ပြုလိုက်တာပဲဖြစ်ပါတယ်။
“သတင်းကောင်းပါပဲ။ ဒီနေ့ နေ့လယ်မှာပဲ ငွေကြေး၀န်ဆောင်မှု ကော်မတီက ၅၄မဲနဲ့ ၁၀၀%သဘောတူပြီး Brave Burma Actကို အတည်ပြုလိုက်ပါပြီ”
လို့ Rep. Bill Huizengaက သူ့ရဲ့ Facebook လူမှုကွန်ရက်မှာ တင်ထားပါတယ်။
အဲ့ဒီ ဥပဒေကြမ်း ၃ ခု ဥပဒေအဖြစ် အသက်ဝင်လာရေးအတွက် အောက် လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ ဆက်လက် တင်သွင်း ဆုံးဖြတ် အတည်ပြုရမှာဖြစ်ပြီးတော့ ကော်မတီအတွင်း ထောက်ခံသူ ၅၄ဦးနဲ့ ကန့်ကွက်သူ မရှိဘဲနဲ့ ၁၀၀%ထောက်ခံမဲ ရရှိခဲ့တာကြောင့် ဥပဒေအဖြစ် အသက်၀င်လာမှာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။