စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်အတွင်း ကင်းပုန်းဝပ်ရန်ထွက်လာတဲ့ စစ်ကောင်စီတပ်သား(၄)ဦးကို တော်လှန်ရေးအင်အားစုတွေဘက်က အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စကစတပ်သား(၄)ဦးစလုံးသေဆုံးခဲ့တယ်လို့ Brave Heart Army-BHA အဖွဲ့ထံမှ သိရပါတယ်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ၂၃ရက် မနက် ၅နာရီခွဲလောက်မှာ ကင်းပုန်းဝပ်ရန်အတွက် ချောင်းဦးမြို့ပေါ်မှ စစ်ကောင်စီတပ်သား(၄)ဦးဟာ လက်နက်အပြည့်အစုံဖြင့် မုံရွာ-မန္တလေးကားလမ်းမအတိုင်းထွက်လာစဥ် ချောင်းဦးမြို့၊ဆည်မြောင်းရုံးအနီးမှာ တော်လှန်ရေးအင်အားစုတွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“သတင်းကြိုရထားလို့စောင့်တွယ်လိုက်တာဗျ။ ကျနော်တို့ပစ်တဲ့အချိန်တော့ သူတို့ဘာမှကိုပြန်မပစ်နိုင်ဘဲ တန်းလျှောကျတာပါ”ဟု BHAအဖွဲ့တာဝန်ခံမှ BBM ကိုပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား(၄)ဦးယူဆောင်လာတဲ့ ဆိုင်ကယ်(၂)စီး၊ MA-3(၁လက်)၊ MA-11(၃လက်)၊ လက်ပစ်ဗုံး(၃လုံး)၊ ဖုန်း၂လုံး၊ ၅.၅၆ကျည် အတောင့်(၄၀၀) တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ၎င်းတပ်သားများ တိုက်ခိုက်ခံရတာကြောင့် ဇူလှိုင်လ၂၄ရက်(ယမန်နေ့)က ချောင်းဦးအနီးမှာရှိတဲ့ ကျေးရွာတွေကို အင်အား၇၀လောက်နဲ့စစ်ကြောင်းထိုး မီးရှို့တာတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
“တိုက်ခံရပြီး ချောင်းဦးမြို့အနီးနားကရွာတွေကိုတော့စစ်ကြောင်းထိုးပါတယ်ခန့်မှန်းအင်အား 70လောက်နဲ့ထိုးတာပါနေအိမ်တွေလဲမီးရှို့သွားတယ်လို့သိရပါတယ်”ဟု BHAတာဝန်ခံမှဆက်ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Brave Heart Army-BHAအဖွဲ့နဲ့အတူ ချောင်းဦးမြို့နယ် ပကဖ အမှတ်(၁)တိုက်နယ် တိုက်ခိုက်ရေးတပ်စိပ်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
1 comment
👍