စစ်ကောင်စီတပ်သား(၄)ယောက် နေရာမှာတင်သေဆုံး
မုံရွာ-မန္တလေး လမ်းပိုင်းမှာ ကင်းပတ်ဖို့နဲ့ မိုင်းရှင်းရန်အတွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးအင်အားစုတွေက မိုင်ဆွဲတိုက်ခိုက် ခဲ့တာကြောင့် စစ်ကောင်စီတပ်သား(၃)ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂တပ်ရင်း၊ တပ်ခွဲ၃ ထံမှ သိရပါတယ်။
၂၀၂၅ခုနှစ်၊ သြဂုတ်လ၁ရက်နေ့ ညနေ ၃ နာရီအကျော်မှာ ချောင်းဦးမြို့နယ် ဂွေးပင်တောမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ Light Truckကားတစ်စီး၊ ခွေးဘီလူးကားတစ်စီးတို့နဲ့ ထွက်လာကြသလို နတ်ရေကန်စခန်းမှ စစ်ကောင်စီတပ်သားများဟာလည်း ခြောက်ဘီးကားတစ်စီး စစ်အင်အားအပြည့်တို့ဖြင့် ထွက်လာကာ မုံရွာ-မန္တလေးလမ်းပိုင်းကို ကင်းပတ်ပြီး မိုင်းရှင်းရန်လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်း၁၀လုံးတွဲ ပွိုင့်၅ပွိုင့်အနက် ၃ပွိုင့်(မိုင်း၃၀)ကို ရှာဖွေရှင်းလင်းနိုင်ပြီး အထွက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကျန်၂ပွိုင့်(မိုင်း၂၀)ကိုဖောက်ခွဲ တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် နတ်ရေကန်စစ်စခန်းမှ စစ်ကောင်စီတပ်သား(၁)ယောက်နဲ့ ဂွေးတောမှ (၃)ယောက် စုစုပေါင်း စစ်ကောင်စီတပ်သား(၄)ယောက်သေဆုံးခဲ့ပြီး စကစ ဘက်က လက်နက်ငယ်ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ထိတာကတော့ တပ်သားတွေပဲထိပါတယ်၊ ထိတွေ့မှုတွေမရှိသေးပေမဲ့ စကစ ဘက်က လက်နက်ငယ်နဲ့ရမ်းသမ်းပစ်တာမျိုးတွေတော့လုပ်နေတယ်”ဟု တပ်ခွဲ(၃)မှ ရဲဘော်တစ်ဦးက BBM ကိုပြောပါတယ်။
ဒါ့အပြင် လျှပ်စီးတပ်ခွဲ အနေနဲ့ စကစ တပ်များ မုံရွာ -မန္တလေးလမ်းပိုင်းကို မစိုးမိုးနိုင်အောင် အစွမ်းကုန် လုပ်ဆောင်သွားမှာဖြစ်တာကြောင့် မုံရွာ -မန္တလေးလမ်းပေါ်မှာ စကစ ကင်းရှင်းရေး စစ်ရေး ဖော်ဆောင်လိုတဲ့ တခြားတော်လှန်ရေးတပ်ဖွဲ့တွေကို ဖိတ်ခေါ်တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင်၊ အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ(၃)ထံမှ သိရပါတယ်။