မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ် အမ်း-ပဒါန်းလမ်းပိုင်းရှိ ရခိုင်ရိုးမတောင်ကုန်းပေါ်မှာ တည်ရှိတဲ့ နတ်ရေကန်တောင်ဗျူဟာကုန်းစခန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA ၊ ပူးပေါင်းမဟာမိတ်တပ်တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေ အခုရက်ပိုင်းမှာ ငြိမ်သက်နေပေမဲ့ ပုသိမ် – မုံရွာလမ်းအနောက်ဖက်ခြမ်း နတ်ရေကန်စခန်းအနီးတလျှောက်ကို စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဖို့ လုပ်ဆောင်နေတယ်လို့ BBM က စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ခန့်မှန်းအင်အား ၈၀၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ ပုသိမ် – မုံရွာလမ်း အနောက်ပိုင်းခြမ်းနတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းဗျူဟာကုန်းအနီး တစ်လျှောက်ကို ဒီရက်ပိုင်းမှာ စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုတွေ လုပ်လာနိုင်တယ်လို့ သိရပါတယ်။
“နတ်ရေကန် တိုက်ပွဲအခြေအနေက ဒီရက်ပိုင်းမှာ ငြိမ်နေတာမျိုးရှိပါတယ်။ စကစကလည်း အဲဒီစခန်းကို ရိက္ခာတွေသွားပို့တာ အတက်အဆင်းလောက်ပဲ ရှိပါတယ်။ နောက်တစ်ခု ကြားရတာက ပုသိမ် – မုံရွာလမ်းပိုင်းရဲ့ အနောက်ဖက်ခြမ်း နတ်ရေကန်စခန်းအနီးတစ်လျှောက်ကို အင်အား ၆၀၀ ကနေ ၈၀၀ ပါတဲ့ စစ်ကြောင်းဟာ စစ်ကြောင်းထိုးမဲ့ပုံစံ ဖြစ်နေတယ် ” လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
အဆိုပါစစ်ကြောင်းမှာ ပဒါန်းမြို့နယ်အတွင်းက အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်ခံတပ်တွေဖြစ်ကြတဲ့ တပ်မ ၉၉ တပ်ရင်းနဲ့ တပ်ပေါင်းစုတပ်တွေ၊ လက်ရုံးတပ်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။
ပြီးနောက် အင်အားအများအပြားပါတဲ့ စစ်ကောင်စီ စစ်ကြောင်းတစ်ခုဟာ ပဒါန်းတပ်နယ်အတွင်းမှာ ဆုံကုန်းကျေးရွာကနေ စေတုတ္တရာမြို့နယ်ဖက်သို့ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတဲ့ စစ်ကြောင်းတစ်ကြောင်း လှုပ်ရှားမှုတွေ ရှိတယ်လို့လည်း BBM က စုံစမ်းသိရှိရပါတယ်။
“ပဒါန်းတပ်နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာများပါတယ်။ နတ်ရေကန်စခန်းအနီး တစ်လျှောက်မှာတော့ တိုက်ပွဲတွေငြိမ်နေကြတယ်။ ၅ ရက်လောက်ကြာရင် တစ်ခါ တိုက်ပွဲတွေ ဖြစ်ကြတယ်။ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာရင် တိုက်ပွဲတွေ ဖြစ်ကြတာပိုများပါတယ်” လို့ AA နဲ့ နီးစပ်တဲ့ အမ်းဒေသခံတစ်ဦးက ပြောပါတယ်။
နတ်ရေကန်ဗျူဟာကုန်း လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှာ စစ်ကောင်စီရဲ့ တပ်မ ၈၈၊ တပ်မ ၉၉ တပ်ရင်းတွေက စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တပ်သားတွေ အင်အား ၅၀၀ ရာခန့် အခြေချတပ်စွဲထားတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။
ပဒါန်းမြို့နယ်အတွင်းမှာ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၃၇၅ အမြောက်တပ်ရင်းနဲ့ အမှတ် ၄၀၉ အမြောက်တပ်ရင်းတို့ရှိပြီး နတ်ရေကန်ဗျူဟာကုန်းနဲ့ ၁၀ မိုင်ကျော်အကွာမှာ ရှိနေတာလည်းဖြစ်ပါတယ်။