အကြမ်းဖက်စစ်ကောင်စီတပ်တွေက မြင်းခြံနွားထိုးကြီးလမ်းတလျှောက်ကို စစ်ကြောင်းထိုးလျက်ရှိရာ လမ်းဘေးဝဲယာရှိ ကျေးရွာတော်တော်များများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ မြင်းခြံမြိုအတွင်းကနေ ထွက်ခွာလာပြီးနောက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်း၊ ရွာများအတွင်းဝင်ရောက်စဉ် တွေ့ရှိရသော ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် ဩဂုတ်လ ၃ရက်နေ့က ရွာကြီးကျေးရွာမှ ဆေးလိပ်လိပ်နေသော မိသားစုအပေါ်ကျရောက် ပေါက်ကွဲ၍ သုံးဦးသေ လေးဦးဒဏ်ရာရခြင်း၊ ဩဂုတ်လ ၄ရက်နေ့က မြောက်ကုန်းကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်စဉ် ရွာအတွင်းမှာ ရှိနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၃ဦးကို ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။
“စစ်ကောင်စီက မြို့ထဲကထွက်လာပြီး ခမရ ၁၅ထဲမှာ တထောက်နား၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ပြီး မြင်းခြံ-နွားထိုးကြီးကားလမ်းအတိုင်း တက်လာတာပါ။ လမ်းတလျှောက်က ရွာတွေကိုလည်း မီးရှို့တာတွေ ဆက်တိုက်လုပ်နေပါတယ်”ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီဘက်နယ်မှာတော့ သီတာယုမွန်ဦးဆောင်ပြီး ပျူတွေ၊ စစ်ခွေးတွေ ပူးပေါင်းစစ်ကြောင်းထိုးနေတာပေါ့။ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေလည်း ရှိနေပါတယ်။ အသေးစိတ်အခြေအနေတွေကိုတော့ ပြောလို့မရသေးပါဘူး။ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိတာတော့ အတည်ပြုလို့ရပါတယ်”ဟု မြင်းခြံအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်တစ်ယောက်က ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ယနေ့မနက်ပိုင်းမှာလည်း ဗလုံရွာကို မီးရှို့နေတယ်လို့ မျက်မြင်အတည်ပြုနိုင်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းအန္တရာယ်ကြောင့် မြင်းခြံမြိုနယ်နှင့် နွားထိုးကြီးမြိုနယ်အစပ်ဒေသက ကျေးရွာပေါင်း ၁၀ရွာကျော်က ပြည်သူ ၆၀၀၀ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။