Wednesday, August 27, 2025
Home » ကျောက်ဖြူနဲ့ ရသေ့တောင်မြို့နယ်တွေကို စစ်ကော်မရှင်က ပေါင်၅၀၀ဗုံးတွေကြဲချပြီး လေကြောင်းတိုက်ခိုက်

ကျောက်ဖြူနဲ့ ရသေ့တောင်မြို့နယ်တွေကို စစ်ကော်မရှင်က ပေါင်၅၀၀ဗုံးတွေကြဲချပြီး လေကြောင်းတိုက်ခိုက်

0 8
8

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းဆောင်တစ်ချို့ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မနေ့က သြဂုတ်လ ၈ ရက်နေ့ ညနေ ၁၁ နာရီအချိန်မှာ စစ်ကော်မရှင်တပ်က ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာက အထက်တန်းစာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါဗုံးကြဲချတိုက်ခိုက်မှုကြောင့် မင်းပြင်ကျေးရွာက စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ လုံးဝပြိုကျပျက်စီးသွားတယ်လို့လည်း ကျောက်ဖြူမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီရွာက ကျောက်ဖြုမြို့နဲ့နီးတော့ ရွာသားတွေ စစ်ရှောင်သွားကြတယ်လို့ သိရတယ်။ စာသင်ကျောင်းဆောင်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေကတော့ အပျက်အစီးများပါတယ်။ ရွာသားတွေထိခိုက်တာတော့ မကြားမိဘူး” လို့ အဆိုပါ ကျောက်ဖြူဒေသခံက ဆက်ပြောပါတယ်။

အာရက္ခတပ်တော် AA ဟာ ကျောက်ဖြူမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ကျောက်ဖြူမြို့အနီးအနားက ကျေးရွာတွေမှာ လွတ်မြောက်ရာနေရာတွေကို စစ်ဘေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

လက်ရှိ စစ်ကော်မရှင်က ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့ မင်းပြင်ကျေးရွာဟာလည်း ကျောက်ဖြူမြို့နဲ့ ၁ မိုင်ခန့်သာကွာဝေးပြီးတော့ ကျေးရွာသားတွေအကုန်လုံးမှာ AA ထိန်းချုပ်ရာနေရာတွေကို စစ်ဘေးတိမ်ရှောင်နေတယ်လို့ သိရပါတယ်။

အလားတူ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာဟောင်းကိုလည်း ဒီကနေ့ သြဂုတ်လ ၉ ရက်နေ့ နံနက် ၂ နာရီအချိန်မှာ စစ်တပ်ဟာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးထပ်မံ ကြဲချခဲ့တယ်လို့ ရသေ့တောင် ဒေသခံတွေက ပြောပါတယ်။

စစ်တပ် ကြဲချခဲ့တဲ့ ဗုံး ၂ လုံးဟာ ထွန်းရဝေကျေးရွာအနီးအနားတွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီးတော့ လူအထိအခိုက်မရှိဘူးလို့လည်း ထွန်းရဝေကျေးရွာက ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

“ထွန်းရဝေရွာဟောင်းကို ဗုံးလာကြဲချတာက ဒီတစ်ကြိမ်ဆိုရင် ၂ ကြိမ်ရှိပါပြီး။ မနက်ဗုံးကြဲချတာကတော့ ရွာအနီးအစပ်မှာ ကျတဲ့အတွက် လူအထိအခိုက်တော့ မရှိဘူး။ ဒါပေမဲ့ ရွာသားတွေက အရမ်းကိုကြောက်လန့်နေကြတယ်” လို့ ထွန်းရဝေကျေးရွာသားတစ်ဦးက ဆက်ပြောပါတယ်။

ထွန်းရဝေရွာဟောင်းကျေးရွာကို စစ်တပ်က ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တွေအပါအဝင်အရပ်သားပြည်သူ ၁၀ ကျော်သေဆုံးခဲ့ရပြီး ၂၀ ကျော်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာနဲ့ ကုလဘာကျေးရွာတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့က စစ်တပိက ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကျောက်ပြောက်ကျေးရွာက သက်တော် ၉၃ နှစ်အရွယ် ဆရာတော်တစ်ပါး၊ ကျောင်းသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ကုလဘာကျေးရွာက ရွာသားတစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့ကလည်း ကျောက်ဖြူမြို့၊ မင်းရပ်တိုက်နယ်ရှိ သဒွတ်ထိန်ကျေးရွာက ဘုန်းတော်ကြီးကျောင်းကို လေကြောင်းကနေ ဗုံး ၂ လုံးကြဲချခဲ့တာကြောင့် ဘုန်းတော်ကြီး ကျောင်းဆောင်တစ်ချို့ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။

“စစ်တပ်ကတော့ တိုက်ပွဲ ဖြစ်ပွားတဲ့နေရာတွေကို မတိုက်ခိုက်ပဲ အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို အခုရက်ပိုင်း တိုက်ခိုက်လာနေပါတယ်။ စစ်တပ်က စစ်အုပ်ချုပ်ရေးလည်း ကြေညာထားတော့ အရပ်သားတွေမှာ လေကြောင်းရန်ကို ပိုပြီးတော့ စိုးရိမ်နေကြရပါတယ် ” လို့ ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

စစ်တပ်ဟာ တော်လှန်းရေးတပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ၆၃ မြို့နယ်ကို အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးပြုလုပ်လာတယ်လို့လည်း စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

စစ်ကော်မရှင်က အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့အထဲမှာ ရခိုင်က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ် (၁၄) ခုအထိ ပါဝင်နေတာဖြစ်ပြီး အရပ်သားပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို အရင်ကထက်ပိုမိုသတိရှိကြဖို့ကိုလည်း တော်လှန်းရေးအဖွဲ့တွေက ထုတ်ပြန် ကြေညာထားပါတယ်။

Leave a Comment

Latest Post

Latest Post