Saturday, March 21, 2026
Home » ရေစကြိုမြို့နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

ရေစကြိုမြို့နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

0 37

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာရှိတဲ့ ငတရော်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Yesagyo Township Info Committee အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။

ဒီကနေ့ ဩဂုတ် ၃၁ ရက်နေ့၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်အချိန်မှာ ဂျက်ဖိုက်တာနဲ့ ငတရော်ကျေးရွာကို ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေရာအတွင်းမှာပဲ ပွဲချင်းပြီး အမျိုးသမီး ၃ ဦးသေဆုံးသွားကာ ဒဏ်ရာပြင်းထန်သူအထဲက နောက်ထပ်တစ်ဦးမှာလည်း ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။

“နေရာမှာတင် သေဆုံးတာက ၃ ဦး၊ စောစောလေးတင် နောက်ထပ်တစ်ဦး ထပ်ပြီးဆုံးသွားပါတယ်၊ အသေးစိတ်တွေကတော့ တောင်းထားဆဲပါ”

လို့ Yesagyo Township Info Committee အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဆိုပါ ငတရော်ကျေးရွာမှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ပြည်သူတွေနေတဲ့နေရာတွေကို အကြောင်းမဲ့သက်သက်လာရောက် ဗုံးကြဲချတိုက်ခိုက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်ချို့မှာလည်း ပြိုကျပျက်စီးသွားသလို ဒဏ်ရာရရှိတဲ့သူတွေကိုလည်း နီးစပ်ဆေရုံ၊ ဆေးခန်းတွေကို အရေးပေါ်ပို့ဆောင်ထားရတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ ရေစကြိုမြို့နယ်က ငတရော်ကျေးရွာ ကိုသာမကပဲ မြင်းခြံမြို့နယ်အစပ်က ကျေးရွာတွေကိုလည်း လေကြောင်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
ပုံ-Local Resident

BBM #News #UpdateNews

ပျက်စီးထိခိုက်မှုအပြည့်အစုံကို Comment ကLinkမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

Leave a Comment

Latest Post

Latest Post