မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းက နယ်စပ်တစ်လျှောက်မှာလည်း တိုက်ပွဲတွေ နေ့စဥ်ရက်ဆက် ဖြစ်ပွားနေ
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ အာရက္ခတပ်တော် AA ရဲ့ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေဟာ လက်ရှိမှာ ၂ နှစ်နီးပါးတိုင်အောင် ရောက်ရှိလာခဲ့တာဖြစ်ပြီး ရခိုင်ပြည်သူ လူထုတစ်ရပ်လုံး ရည်မှန်းချက် အလုံးစုံပြည့်ဝတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ အာရက္ခတပ်တော် AA က မနေ့က စက်တင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော် AA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ရခိုင်ကမြို့နယ် ၁၄ ခု အပါအဝင် ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့မှာ တိုက်ပွဲတွေဖော်
ဆောင်နေတာလည်း ဖြစ်ပါတယ်။
အလားတူ ရခိုင်အစပ်က မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ပူးပေါင်းမဟာမိတ်တွေနဲ့အတူ စခန်းသိမ်းတိုက်ပွဲတွေ နေ့စဥ်ရက်ဆက် ဖော်ဆောင်တိုက်ပွဲဝင်နေတာလည်း ဖြစ်ပါတယ်။
အဲဒီလို တိုက်ပွဲဖော်ဆောင်နေစဥ်အတွင်းမှာ စစ်ရှုံးစစ်ကောင်စီဟာ နိုင်ငံအနှံ့က ပြည်သူ့စစ်မှုထမ်း (ပစ) တွေကို အတင်းအဓမ္မတပ်သားသစ်စုဆောင်းကာ သူတို့ရဲ့လက်ကျန်တပ်ဖွဲ့ဝင်တွေနဲ့အတူ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့နေရာတွေကို ထိုးစစ်ဆင်မှုတွေ အဆက်မပြတ် ပြုလုပ်လာနေပါတယ်။
စစ်ကောင်စီတပ်ဟာ သူတို့စစ်သင်တန်းပေးထားတဲ့ စစ်မှုထမ်းတွေနဲ့အတူ အခုနှစ် ၂၀၂၅ ခုနှစ်၊ မတ်လက စတင်ကာ သူတို့ရဲ့အားသာချက်ဖြစ်တဲ့ လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူ၊ နည်းပညာအတန်အသင့် အဆင့်မြင့်ဒရုန်းတွေနဲ့ အာရက္ခတပ်တော် AA သိမ်းထားတဲ့ စစ်ကောင်စီရဲ့ တပ်မဌာနချုပ်၊ စစ်တိုင်းဌာနချုပ်၊ တပ်ရင်းဌာနချုပ် အပါအဝင် စစ်ရေးအရ အရေးပါသောနေရာတွေကို ပြန်လည်သိမ်းပိုက်ရရှိနိုင်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရှမ်းမြောက်ဒေသအတွင်းမှာ သူတို့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်ရရှိဖို့ ရည်ရွယ်ထားကာ တန်ပြန်ထိုးစစ်တွေနဲ့အတူ မြန်မာနိုင်ငံရဲ့ နေရာတစ်ချို့မှာ အသာစီးရ အောင်ပွဲရနေတယ်လို့ စိတ်ကြီးဝင်ကာ ဘဝင်မြင့်နေတယ်လို့လည်း AA က ဆိုထားပါတယ်။
အဲဒီလို စိတ်ကြီးဝင် ဘဝင်မြင့်ပြီး ယုံကြည်မှုလွန်ကဲနေတဲ့ စစ်ကောင်စီတပ်တွေဟာ အာရက္ခတပ်တော် AA နဲ့ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ရှေ့တန်းစစ်မြေပြင်နေရာတွေကို ရွှေ့ပြောင်းကာ ထိုးစစ်ဆင်တိုက်ခိုက်လာပေမဲ့လည်း AA ရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်အောက်မှာ သတ္တိ၊ နည်းဗျူဟာအရ မယှဉ်နိုင်ဘဲ မြေပြင်ထိုးစစ်တိုင်းမှာ အကျအဆုံးများစွာကို အလူးအလဲခံနေရပြီးတော့ ခွေးပြေးဝက်ပြေး ထွက်ပြေးမှုတွေရှိတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီဟာ ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာတွေမှာ သူတို့လက်လွှတ်ထားရတဲ့နေရာတွေကို ပြန်လည်ရရှိဖို့အတွက် အားထုတ်ကြိုးပမ်းနေသလို ရခိုင်ပြည်အတွင်းက AA ဝန်းရံပိတ်ဆို့ထားတဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ လက်ကျန်စခန်းတွေကိုလည်း ထပ်မံမကျစေဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်လာပေမဲ့လည်း AA ရဲ့ တန်ပြန်ထိုးစစ်အောက်မှာ အထိအခိုက်များစွာနဲ့ ဆက်လက်ကြုံတွေ့နေရတယ်လို့ AA က ဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက် နေ့မှာလည်း မကွေးအခြေစိုက် စစ်ကောင်စီရဲ့ စကခ (၁၇) လက်အောက်ခံ ခမရ (၅၇၄)တပ်ရင်းနဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ (၉၄၄)တပ်ရင်းက ပူးပေါင်းပါဝင်တဲ့ စစ်ကြောင်းဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာရဲ့ အရှေ့မြောက်ဖက် မီတာ ၂၈၀၀ ခန့်အကွာအဝေးကို ထိုးစစ်ဆင်လာတာကြောင့် AA နဲ့ ၂ နာရီကြာ ထိတွေ့ဖြစ်ပွားခဲ့တယ်လို့ AA က ဆိုထားပါတယ်။
အဆိုပါတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းတွေ၊ အလောင်းတွေနဲ့အတူ ကျောပိုးအိတ်အများအပြားကိုထားခဲ့ပြီးတော့ စကခ (၁၇) လက်အောက်ခံတပ်ရင်းတွေဟာ တပ်လန့်ကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီဟာ စကခ (၁၇) အပြင် စကခ (၁၄) က တပ်ရင်းတွေမှာ အတင်းအဓမ္မ စစ်သားသစ်စုဆောင်းတာ၊ စစ်သင်တန်းဆင်းလာကြတဲ့ ရဲဘော်သစ်တွေကိုအသုံးပြုကာ ပဲခူးတိုင်းနဲ့ ရခိုင်ဒေသက ထိစပ်နေတဲ့ နေရာတွေမှာ အင်အား (၁၅၀၀) ခန့် ထပ်တိုးကာ မရပ်မနား ထိုးစစ်ဆင်မှုတွေကို ဆက်တိုက်ပြုလုပ်လာတာကြောင့် ပဲခူး-ရခိုင်အစပ်က နေရာအချို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း မကွေးတိုင်း၊ ဂုတ်စီးရိုးဒေသတိုက်ပွဲအတွင်းမှာ အမှတ် (၉၉) ခြေလျင်တပ်မဌာနချုပ်၊ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့က အသက် (၄၆) နှစ်အရွယ်ရှိ ပြန်တမ်းဝင်အမှတ်၊ ကြည်း/၃၃၁၄၄ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်၊ ယာယီနည်းဗျူဟာမှူး အပါအဝင် ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးတို့ကိုလည်း အာရက္ခတပ်တော် AA က လက်ရဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ်လည်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ ပဲခူးတိုင်း၊ ပန်းတောင်မြို့နယ် ဆင်လမ်ကျေးရွာ အနောက်ဘက် (၂) ကီလိုမီတာနဲ့ (၁.၇) ကီလိုမီတာ အကွာအဝေးနေရာတွေမှာလည်းကောင်း၊ပန်းတောင်မြို့နယ်၊ ညောင်ကျိုးကျေးရွာရဲ့ အရှေ့ မြောက်ဘက် (၂.၅) ကီလိုမီတာအကွာအဝေး တောင်ကြောတွေမှာလည်းကောင်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ သိမ်းထားတဲ့ ဧရာဝတီတိုင်း – ရက္ခိုင်နယ်စပ်က စက်စက်ယိုကျေးရွာ ပတ်ဝန်းကျင်မှာလည်း စစ်ကောင်စီတပ်တွေက နေ့စဥ်ရက်ဆက်ဆိုသလို ထိုးစစ်ဆင်မှုတွေ ရှိနေတာကြောင့် တိုက်ပွဲတွေမှာလည်း ဒီနေ့အချိန်ထိ ဆက်လက်ပြင်းထန်နေတယ်လို့ AA က ဆိုထားပါတယ်။
အာရက္ခတပ်တော် AA ဟာ ရခိုင်က စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကို အခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ ၆ လကျော်အထိကြာမြင့်လာခဲ့ပြီးလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာလည်း အာရက္ခတပ်တော် AA ဟာ ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့နယ်ညောင်ခြေထောက်ကျေးရွာရှိ ကပစ ၆ စက်ရုံနဲ့ ၇ မိုင်ခန့်အကွာက ဆင်လန်းကျေးရွာအနီးမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်း ၄ ခုထက်မနည်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – AA Info Desk