Sunday, December 21, 2025
Home » ကျောက်မဲမြို့ကို သိမ်းပြီးနောက် စကစ က သီပေါကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာ

ကျောက်မဲမြို့ကို သိမ်းပြီးနောက် စကစ က သီပေါကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာ

0 18
18

🟥မိုးကုတ်သွားရာလမ်းတစ်လျှောက်မှာလည်း စစ်ကြောင်းတိုးမှုတွေရှိနေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို သိမ်းပိုက်ရရှိပြီးတဲ့နောက် စစ်ကောင်စီအနေဖြင့် သီပေါမြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေဖြင့် ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ၁ရက်နေ့က သိမ်းပိုက်ပြီးတဲ့နောက် လားရှိုးနဲ့ ကျောက်မဲမြို့ကြားရှိပြည်ထောင်စုလမ်းမကြီးပေါ်က သီပေါမြို့ကို အောက်တိုဘာလ၂ရက်နေ့ ညမှ စကာ လေကြောင်းတိုက်ခိုက်မှုတွေစတင်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက် အောက်တိုဘာလ ၄ရက်နေ့ ကလည်း မနက်၇နာရီဝန်းကျင်၊ ညနေ၅နာရီဝန်းကျင်နဲ့ ည ၈နာရီဝန်းကျင်တို့မှာ တစ်ရက်တည်း(၃)ကြိမ်တိုင်တိုင် သီပေါမြို့ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ၆ရက် ဒီနေ့မနက်အစောပိုင်းမှာလည်း သီပေါမြို့ပေါ်ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွေကြောင့် ပြည်သူပိုင်အဆောက်အအုံတွေပျက်စီးခဲ့ရသလို ပြည်သူ(၂)ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံပြည်သူတစ်ဦးမှ BBM ကိုပြောပါတယ်။

” ဒီကိုက လေကြောင်းက ဗုံးတွေလာကြဲနေလို့၊ စစ်ဘေးကလည်း ရှောင်တဲ့သူတွေလည်း ရှောင်ကုန်ကြပြီ၊ ဒီမနက်လေယာဥ်ချတာကြောင့် ပြည်သူ(၂)ယောက်ထိသွားတယ်”

သီပေါမြို့ပေါ် စစ်ကောင်စီရဲ့အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သတ်ပြီး နောင်ချိုမြို့နဲ့ ကျောက်မဲမြို့တို့ကို တိုက်ခိုက်စဥ်ကလည်း ယခုကဲ့သို့ လေကြောင်းမှဦးစွာတိုက်ခိုက်ပြီးမှ စစ်တပ်အနေဖြင့် မြေပြင်စစ်ကြောင်းတွေမှတဆင့် စစ်ကြောင်းတိုးတိုက်ခိုက်တာမျိုး ပြုလုပ်ခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးမှလည်း BBM ကိုပြောပါတယ်။

“သီပေါကို Airstrike နဲ့စပြီးအကဲစမ်းထားပြီဗျ၊ မကြာမှီ လက်နက်ကြီး ဒရုန်း နဲ့အတူခြေလျင်စစ်ကြောင်းတွေပါလာဖို့ရှိပါတယ်၊ လေကြောင်းကအားစမ်းပြီးမှ မြေပြင်ကထိုးမဲ့သဘောပါ၊ နောင်ချို၊ ကျောက်မဲတုန်းကလည်း ဒီလိုပဲလုပ်သွားတာပါ”

ဒါ့အပြင် စစ်ကောင်စီအနေဖြင့် မိုးကုတ်မြို့ကိုသွားရာလမ်းကြောင်းတွေမှာလည်း စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတာကြောင့် တိုက်ပွဲဖြစ်ပွါးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့ကို သိမ်းပြီးတဲ့နောက် နောင်ချိုမှာရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုဟာ နောင်ချိုမြို့နယ်နဲ့ မိုင်းလုံမြို့နယ်အစပ်ရှိ ပန်ခါချောင်းဒေသတစ်ဝိုက်ကို စစ်ကြောင်းထိုးလာတာကြောင့် TNLA နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သပိတ်ကျင်း (၇)မိုင်ရှိအမှတ်(၁၃)တပ် မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းကိုအခြေပြုထားတဲ့ စစ်ကြောင်းတချို့လည်း သပိတ်ကျင်း ပတ်ချာလည်နဲ့ မိုးကုတ်လမ်းပိုင်းတွေမှာ စစ်ကြောင်းတိုးနေတာကြောင့် အခုရက်ပိုင်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွါးနေတယ်လို့၎င်းမှဆက်ပြောပါတယ်။

“နောင်ချိုနယ်ထဲကစကစတပ်တွေ တပ်ရွှေ့တပ်လှုပ်သတင်းကြားနေရပါတယ်၊ အဓိက ကရှေ့တိုးသွားတာပါ၊နောင်ချိုနယ်အဆုံး မိုင်းလုံနယ်အစပန်ခါချောင်းဆိုတဲ့ချောင်းသေးသေးလေးရှိတယ်။အဲမှာတိုက်ပွဲစဖြစ်နေပါပြီ၊ တချိန်တည်းမှာမိုးကုတ်ကိုသပိတ်ကျင်း ဘက်ကအပြင်နောင်ချိုဘက်ကပါတိုးနေတယ်ခင်ဗျ၊ သပိတ်ကျင်း နဲ့မိုးကုတ် လမ်းပိုင်းတဝိုက်မှာ စကစဘက်က အပြင်းအထန် တိုးနေပြီး၂ဘက်ကျဆုံးမှုတွေရှိနေတယ်၊ သပိတ်ကျင်းနားက တန်းမြင့်သင်တန်းကျောင်း၁၃ ကိုအခြေပြုတဲ့ စကစ စစ်ကြောင်းတွေပါ”

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လမှစတင်ကာ ရှမ်းမြောက်က တော်လှန်ရေးအင်အားစုတွေလက်ထဲက နောင်ချို၊ကျောက်မဲ၊ တို့ကို သိမ်းပိုက်နိုင်ခဲ့သလို သပိတ်ကျင်းမြို့ကို လည်း လူအင်အား၊ လက်နက်ကြီး အမြောက် အများသုံးကာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

Photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post