မင်းလက်ပံကျေးရွာနဲ့ဖလူးတို့ကိုလည်း စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးအင်အားစုတွေက ခုခံနေရ
ကရင်ပြည်နယ်၊လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်းစစ်စခန်းကို စစ်ကောင်စီနဲ့ကရင်နယ်ခြားစောင့်တပ်(BGF) တို့ပူးပေါင်းပြီး ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစွယ်တော်ကုန်းစစ်စခန်းဟာ လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာ လေးကေ့ကော်မြို့သစ်ကိုသာမက အနီးရှိမင်းလက်ပံအပါ အခြားကျေးရွာများကိုစိုးမိုးနိုင်တာကြောင့် စစ်ကောင်စီအနေဖြင့် လေးကေကော်ကိုရရှိပြီးတဲ့နောက် ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေဖြင့် အဆိုပါစွယ်တော်ကုန်းကိုရရှိခဲ့မယ်ဆိုပါက တော်လှန်ရေးအင်အားစုတွေရှိရာ ရသေ့ဂူဒေသနဲ့ ထိုင်းမြန်မာနယ်စပ်တွေကိုလည်း လက်နက်ကြီးအသာဖြင့် စိုးမိုးထားနိုင်ဖို့ပိုမိုအလေးသာတယ်လို့လည်း သိရပါတယ်။
ဒါကြောင့်မို့လည်း အဆိုပါစွယ်တော်ကုန်းကိုရရှိဖို့အတွက်စစ်ကောင်စီဘက်မှ နေ့စဥ် ဒရုန်း၊လက်နက်ကြီးများသုံးပြီး တိုက်ခိုက်ခဲ့သလို မြေပြင်မှလည်း နည်းမျိုးစုံနဲ့ စစ်ကြောင်းတိုးခဲ့ပြီး မနေ့ညမှာတော့ စွယ်တော်ကုန်းကို စစ်တပ်ဘက်မှ ပြန်လည်ရရှိသွားခဲ့ပြီလို့ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးမှ BBM ကို အတည်ပြုပြောဆိုပါတယ်။
“စွယ်တော်ကုန်းကို စကစ ကပြန်ရသွားပြီဆိုတာ ဟုတ်ပါတယ်၊ မနေ့ညကပဲ ကျွန်တော်တို့ပြန်ဆုတ်ပေးလိုက် ရပါတယ်”
မြဝတီမြို့မှတဆင့် လေးကေ့ကော်မြို့သစ်နဲ့စွယ်တော်ကုန်းတို့ကို ရရှိဖို့အတွက်စစ်ကောင်စီအနေဖြင့် ကရင်နယ်ခြားစောင့်တပ် BGFရဲ့အကူအညီယူကာ အောက်တိုဘာလ အစောပိုင်းကတည်းက စစ်ကြောင်းထိုးခဲ့တာကြောင့် လမ်းတစ်လျှောက်တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုတွေကို တော်လှန်ရေးအင်အားစုတွေအနေဖြင့် ခံစစ်အရှင်ပုံစံပြောင်းလဲခုခံခဲ့ရသလို တိုက်ပွဲတွေအတွင်းမှာလည်း နှစ်ဖက်ထိခိုက်မှုတွေများပြားခဲ့တယ်လို့ အဆိုပါမြေပြင်ရဲဘော်မှ ဆက်ပြောပါတယ်။
“နှစ်ဖက်ထိခိုက်မှုနဲ့ပတ်သတ်ရင်တော့ ကျွန်တော်တို့ဖက်ကတော့ ငါးယောက်ဆယ်ယောက်လောက်ဆိုများတယ်လို့ သတ်မှတ်ပါတယ် သူတို့ဖက်ကတော့ ရာချီပြီးကိုထိကြသေကြမှာပေါ့”
ဒါ့အပြင်စစ်ကောင်စီဟာ လေးကေ့ကော်မြို့သစ်အနီးမှာရှိတဲ့ မင်းလက်ပံကျေးရွာနဲ့ဖလူးဒေသတို့ကိုလည်း ရရှိဖို့အတွက် စစ်မျက်နှာများစွာဖြင့်တိုးနေပြီး တော်လှန်ရေးအင်အားစုတွေဘက်မှ အဆိုပါစစ်ကြောင်းတွေကို ဖြန့်ခွဲကာကွယ်နေရတယ်လို့လည်း သိရပါတယ်။
ဒါတင်မက အဆိုပါကျေးရွာပတ်ချာလည်ကိုလည်း ၎င်းတို့စစ်ကြောင်းတွေမရောက်မှီကတည်းက ဒရုန်းအများအပြားသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့လည်း နောက်ထပ်မြေပြင်ရဲဘော်တစ်ဦးမှ BBM ကိုပြောပါတယ်။
“ခုက မင်းလက်ပံကိုကော ဖလူးကိုကော စစ်ကြောင်းတိုးနေတယ်၊ မနေ့ကတောင် ဖလူးဘက်ကို ဒရုန်းနဲ့တိုက်ခိုက်တာတွေလုပ်ခဲ့သေးတယ်”
စွယ်တော်ကုန်းကို စစ်ကောင်စီရရှိပြီးတဲ့နောက် တော်လှန်ရေးအင်အားစုတွေဘက်မှလည်း စစ်အင်အားထပ်မံဖြည့်တင်းကာ အနီးပတ်ချာလည်မှာ ရင်ဘောင်တန်းပုံစံစုဖွဲ့ကာပြန်လည်ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။